အုတ်ဖို မတ် ၃၀

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ မြို့လယ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်ပိုင်းက ပါဠိပထမပြန်နှင့် ယဉ်ကျေးမှုစာမေးပွဲအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် မြို့နယ်ဥပထမ္ဘကအဖွဲ့ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ် သြဝါဒါစရိယ မြို့နယ်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ သုံးထပ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစန္ဒော ဘာသက ငါးပါးသီလနှင့် အနုမောဒနာတရားချီးမြှင့်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။ ထို့နောက် ပါဠိပထမပြန်နှင့် ယဉ်ကျေးမှုစာမေးပွဲအတွက် အလှူငွေကျပ် သိန်း ၅၀ ပေးအပ် လှူဒါန်းရာ မြို့နယ်ဥပထမ္ဘကအဖွဲ့ဝင် ဦးဝင်းနှင့် မြို့နယ်ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဦးထွန်းသိန်းတို့က လက်ခံရယူသည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မြို့နယ်ဥပထမ္ဘကအဖွဲ့ကို ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းပေးကာ ယခင်တာဝန်ယူဆောင်ရွက်ခဲ့သည့် ဥပထမ္ဘကဥက္ကဋ္ဌ ဦးတင်လှအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)