ပလောက်မြို့၌ တောင်ယာစပါးရိတ်သိမ်းရာတွင် ယခင်နှစ်ကထက် အထွက်နှုန်းတိုးတက်လာဟုဆို

ပလောက် နိုဝင်ဘာ ၇

ဒေသဝမ်းစာဖူလုံပိုလျှံရေးအတွက် ပလောက်မြို့စိုက်ပျိုးရေးဉီးစီးဌာနမှ မိုးစပါးစိုက်ပျိုးခြင်းအပြင် တောင်ယာစပါး စိုက်ဧကများကိုလည်း လွန်ခဲ့သော ၂ နှစ်ခန့်မှ စတင်တိုးချဲ့စိုက်ပျိုးလာခဲ့ရာ ယခုနှစ် တောင်ယာစပါးရိတ်သိမ်းချိန်တွင် ယခင်နှစ်ကထက် စပါးအထွက်နှုန်း တိုးတက်လာကြောင်း ပလောက်မြို့စိုက်ပျိုးရေးဉီးစီးမှူးဉီးသော်ဇင်ထွန်းက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာ အုပ်စု၊ ဆင်ထိုးကြီးကျေးရွာ၊ ကွင်းအမှတ် (၂. O.S.S)ကွင်းရှိ တောင်သူ ဦးစိုးဝေ၏ တောင်ယာစပါး (ခေါက်မလိမျိုး) (၆ ဒသမ ၆)ပေ၊ စံကွက်ကို နိုဝင်ဘာ ၅ ရက် နံနက် ၈ နာရီအချိန်ခန့်က ရိတ်သိမ်းခဲ့ရာ စပါးအစို(၆၃)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ယာစပါးရိတ်သိမ်းပွဲတွင် ပလောက်မြို့စိုက်ပျိုးရေးမြို့ဦးစီးမှူး ဉီးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာနမှလက်​ထောက်ဦးစီးမှူး၊ ဆင်ထိုးကြီး ကျေးရွာအုပ်စု၊ အုပ်ချူပ်ရေးမှူးနှင့် တောင်သူများက ပါဝင်ရိတ်သိမ်းခဲ့ကြသည်။

" ဒီနှစ် တောင်ယာစပါးရိတ်သိမ်းတာ တစ်ဧကပျမ်းမျှအထွက်နှုန်း(၅၉)တင်းခန့်ထွက်ရှိပါတယ်။ ယခင်နှစ်ကထက်စာရင် ဒီနှစ်က စပါးအထွက်တိုးလာတယ်။ ယခင်နှစ်ကတော့ တစ်ဧက(၅၈ ဒသမ ၀၇)တင်းထွက်ရှိပါတယ်။ ကျနော်တို့မြို့မှာက တောင်ယာစပါးစိုက်ဧက(၃၁၃) ဧကရှိပါတယ်။ ကျနော်တို့ဌာနအနေနဲ့က တောင်သူတွေကို အသိပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ စပါးစိုက်ပျိုးမှု နည်းစနစ် မှန်ကန်စေရေး၊ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ စပါးအထွက်ကောင်းမျိုး စိုက်ပျိုးနိုင်ရန် အသိပညာပေးခြင်း၊ သဘာဝမြေသြဇာ လက်တွေ့ထည့်သွင်း အသုံးပြုနည်းစနစ်များအား ပညာပေးခြင်း စတဲ့လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟုပလောက်မြို့စိုက်ပျိုးရေးဉီးစီးဌာနမှမြို့ဉီးစီးမှူး ဉီးသော်ဇင်ထွန်းက ပြောသည်။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် တောင်ယာ(သီးညှပ်)စပါး စိုက်ဧက(၃၁၃)ဧကစိုက်ပျိုးခဲ့ရာ စပါးတစ်ဧက အထွက်နှုန်း( ၅၈ ဒသမ ၀၇)တင်းထွက်ခဲ့ပြီး ယခု၂၀၂၂-၂၀၂၃ ခုနှစ်၌ တောင်ယာ(သီးညှပ်) စပါးစိုက်ဧက (၃၁၈)ဧကတွင် အထွက်နှုန်း တစ်ဧကလျှင်(၅၉)တင်း ထွက်ရှိသဖြင့် တောင်ယာစပါးထွက်ရှိမှု တိုးတက် လာကြောင်း သိရသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေး ရွာပေါင်း(၄၈)ရွာ၊ လူဉီးရေ(၃၉၀၀၀)ကျော်ခန့်ရှိပြီး မိုးစပါးစိုက် ဧက(၁၅၄၉၈)ဧက၊ တောင်ယာစပါးစိုက်ဧက(၃၁၃)ဧကနှင့် ရော်ဘာ (၁၁၆၂၄) ဧက၊ ကွမ်းသီး (၅၀၀၀)ဧကကျော်ခန့်၊ သီဟို (၃၈၈၈)ဧက၊ ဆီအုန်း(၈၀)ဧက၊ ဥယျာဉ်ခြံသီးနှံစုံ(ကျွဲကော၊ ကြက်မောက်၊ သရက်၊ ဒူးရင်း၊ မာ လာကာ)ဧက(၂၀၀၀၀)ကျော်ခန့်၊ ဟင်းသီး ဟင်းရွက် စိုက်ခင်းဧက(၈၄)ဧကရှိကြောင်းနှင့် ဒေသဝမ်းစာဖူ လုံမှုမှာ(၁၄၈ ဒသမ ၂၅)ရာခိုင်းနှုန်းခန့်ရှိကြောင်း ပလောက်မြို့စိုက်ပျိုးရေးဉီးစီးဌာနမြို့ဉီးစီးမှူး ဉီးသော်ဇင်ထွန်းထံမှသိရသည်။

မြင့်ဉီး(မြိတ်)