ပခုက္ကူမြို့နယ်၌ ကလေးတစ်ဦး မီးခြစ်အား ဆော့ကစားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ကလေး (၁) ဦး သေဆုံး

နေပြည်တော်  ၁၃  ဇွန် 
    

မကွေးတိုင်းဒေကြီး၊ ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာ၌ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကလေးတစ်ဦးက မီးခြစ်အား ဆော့ကစားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
    

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဇေယျာဖြိုး(၂၅)နှစ်နှင့် ၎င်း၏ ဇနီးတို့သည် နေ့စားအလုပ် သွားရောက် လုပ်ကိုင်နေစဉ် နေအိမ်တွင် ကျန်ရှိသည့် သား ၂ ဦး အနက် မောင်မင်းဘုန်းခန့် (၅)နှစ်က မီးခြစ်အား ဆော့ကစားရာမှ အိပ်ယာခင်းသို့ မီးကူးစက်လောင်ကျွမ်းကာ  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးပြီး မောင်ဖြိုးသီဟကျော် (၂)နှစ်မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့်  ဇေယျာဖြိုးအား မြစ်ခြေနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


MDN