ပခုက္ကူမြို့၌ GAP စနစ်ဖြင့် စိုက်ပျိုးထားသော စမုံအနက်နှမ်းများ ရောင်းအားကောင်းလျက်ရှိ

ပခုက္ကူ  ၂၅  ဒီဇင်ဘာ

 

ပခုက္ကူမြို့၌ ကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် (GAP) စနစ်ဖြင့် စိုက်ပျိုးထားသော စမုံအနက်နှမ်းများ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

 

ပခုက္ကူခရိုင် တောင်သူဖွံ့ဖြိုးရေးအသင်းနှင့် မန္တလေးမြို့၊ မြင့်မြတ်တော်ဝင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော စမုံအနက်နှမ်းများကို ဒီဇင်ဘာ ၂၀ ရက်မှစတင်၍ ပခုက္ကူခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း တောင်သူများ စုပေါင်းလာရောက်ရောင်းလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိသည်။

 

အဆိုပါ စုပေါင်းရောင်းချပွဲကို ဒီဇင်ဘာ ၂၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် (GAP) စနစ်ဖြင့် စိုက်ပျိုးထွက်ရှိလာသည့် စမုံအနက်နှမ်းမျိုးများကို မန္တလေးကုန်စည်ဒိုင်၏ ဈေးကွက်၊ ဈေးနှုန်းများကို အခြေခံ၍ တောင်သူများထံမှ တစ်ရက်ပျမ်းမျှ ၆၃၅ တင်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလျက်ရှိသည်။

 

ထိုသို့ ဝယ်ယူရာတွင် ပခုက္ကူမြို့အရောက် တာဝန်ခံဝယ်ယူပေးသည့် မြင့်မြတ်တော်ဝင်ကုမ္ပဏီမှ ဦးမြင့်အောင်က မန္တလေး ကုန်စည်ဒိုင်တွင် ဝယ်ယူသည့် ရွှေဝါဝင်းကုမ္ပဏီ တာဝန်ရှိသူထံ တိုက်ရိုက်ဆက်သွယ်ပြီး မန္တလေးကုန်စည်ဒိုင်၏ ထိပ်စဈေးနှင့် အောက်စဈေးနှုန်းများကို ပရိုဂျက်တာပေါ်မှတစ်ဆင့် တောင်သူများအား ပြသပေးကြောင်း၊ ထိုသို့ချိတ်ဆက် ဆောင်ရွက်ပေးသောကြောင့် တာဝန်ခံဝယ်ယူသည့် ကုမ္ပဏီနှင့် တောင်သူများ တိုက်ရိုက်တွေ့ဆုံကာ ဈေးနှုန်းများသတ်မှတ်ကြကြောင်း၊ ထိုသတ်မှတ်ချက်များအရ ထိပ်စ (A-အဆင့်) ဈေးနှုန်းကို ၈၀၅၀ဝ ကျပ်ဖြင့်လည်းကောင်း၊ (B-အဆင့်)ဈေးနှုန်းကို ၇၈၅၀ဝ ကျပ်ဖြင့်လည်းကောင်း၊ (C –အဆင့်)ဈေးနှုန်းကို ၇၆၅၀ဝ ကျပ်ဖြင့်လည်းကောင်း၊ အောက်စ(D-အဆင့်)ဈေးနှုန်းကို ၇၄၅၀ဝ ကျပ်ဖြင့်လည်းကောင်း မှန်ကန်သော အချိန်တွယ်များ၊ ဈေးနှုန်းများဖြင့် ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေကြောင်း သိရသည်။

 

GAP စနစ်ဖြင့်စိုက်ပျိုးသည့် စမုံအနက်နှမ်းများကို ပခုက္ကူမြို့နယ်မှ တောင်သူများအပြင် ရေစကြို၊ မြိုင်မြို့နယ်များမှ တောင်သူများလည်း လာရောက်ရောင်းချကြကြောင်း၊ အဆိုပါ စမုံအနက်နှမ်းများသည် ပြည်တွင်းကုမ္ပဏီများအပြင် အာရှတိုက်ရှိ ပြည်ပနိုင်ငံများအထိပါ ဈေးကွက်အောင်မြင်လျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀ဝ၆ ခုနှစ်မှ စတင်၍ စမုံအနက်နှမ်း (၁၀၂)တင်းအား စမ်းသပ်စိုက်ပျိုးစေခဲ့ကြောင်း၊ ဒါ့အပြင် GAP စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပိုမိုဖြစ်ထွန်းစေရန် စိုက်ပျိုးရေး နည်းစနစ်များကို ကျေးရွာများအရောက် အခါအားလျော်စွာ ကွင်းဆင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

 

ခရိုင် ပြန်/ဆက်