ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်ဝေဒနာရှင်များအတွက် အလှူငွေများ ပေးအပ်

ပခုက္ကူ   ဇန်နဝါရီ   ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် လစဉ်စဉ်ပုံမှန် ကျောက်ကပ်ဆေးကြော ကုသနေရသည့် ဝေဒနာရှင်များအတွက် ပခုက္ကူမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ငွေကျပ် ၁၄ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် လစဉ်ပုံမှန် ကျောက်ကပ်ဆေးကြော ကုသနေရသည့် ကျောက်ကပ်ဝေဒနာရှင်များမှ ဆင်းရဲနွမ်းပါးသည့် လူနာများ၏ လစဉ်ပုံမှန် ကျောက်ကပ်ဆေးကြော ကုန်ကျမှုစရိတ် သက်သာစေရန် ရည်ရွယ်၍ အကြိမ် ၄၀ စာ ကျောက်ကပ်ဆေးကြောနိုင်မည့် ကုန်ကျစရိတ်အဖြစ် နှစ်သစ်ကူး အလှူငွေ ကျပ် ၁၄ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အလားတူ ပခုက္ကူမြို့နယ်ရှိ ဆင်းရဲနွမ်းပါး အခြေခံ လူတန်းစား တစ်အိမ်ထောင်လျှင် ဆန် ရှစ်ပြည်၊ ပဲဆီသန့် တစ်ပိဿာ၊ ဆား ၂၅ ကျပ်သား၊ ပဲ ၅၀ သား၊ ပါစပ်းနှင့် နှာခေါင်းစည်း(Mask)များ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အာဟာရဖြည့်မုန့် အထုပ်ကြီးတစ်ထုပ်စီဖြင့် အိမ်ထောင်စု ၂၀ တို့အား ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ အဆိုပါနှစ်သစ်ကူး အလှူငွေများကို အက်ရှင်အေ့စ်(မြန်မာ)မှ အဓိက ပံ့ပိုးကူညီခြင်းဖြစ်ပြီး အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းနှင့်‌ ဒေသခံ အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျောက်ကပ်ဝေဒနာရှင်များနှင့် ဆင်းရဲနွမ်းပါး အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၀ တို့ကို ထပ်မံထောက်ပံ့ကူညီနိုင်ရေး ဆက်လက်ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောပြသည်။

ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ညောင်ဦး၊ ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထု၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်များမှ လစဉ်ပုံမှန် ကျောက်ကပ်ဆေးကြော နေရသည့် ကျောက်ကပ်ဝေဒနာရှင် ၃၅ ဦးရှိကြောင်း၊  ကျောက်ကပ်တစ်ကြိမ် ဆေးကြောပါက အနည်းဆုံး ငွေကျပ် သုံးသောင်းကျော် ကုန်ကျကြောင်း၊ လာရောက်လှူဒါန်းကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို ဆင်းရဲနွမ်းပါးသည့် ကျောက်ကပ်ဝေဒနာရှင်များကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောပြသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)