ပြခန်းတွေကို လာရောက်လေ့လာကြတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေဟာ လက်ရှိနိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်တွေကို အသေးစိတ်သိရှိ လေ့လာနိုင်ကြမှာဖြစ်ပါတယ် ဦးသိန်းမြင့်မွန်(ဒုတိယညွှန်ကြားရေးမှူးချုပ်)

 

တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်၊

ဓာတ်ပုံ - ဇော်ဦး

 

နေပြည်တော်    ဇန်နဝါရီ    ၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ဈေးအရောင်း ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို ပဉ္စမနေ့ ဆက်လက်ဖွင့်လှစ်ပြသမှုများအား ကျောင်းသား ကျောင်းသူများနှင့် ပြည်သူအများအပြား စိတ်ဝင်တစား လာရောက်လေ့လာ၊ ပြခန်းနှင့် ဈေးအရောင်းပြခန်းများမှ တာဝန်ရှိသူများ၊ လာရောက်လေ့လာသူများနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြအပ်ပါသည်-

 

ဦးသိန်းမြင့်မွန်(ဒုတိယညွှန်ကြားရေးမှူးချုပ်) တံတားဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ တံတားဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနဲ့ အဆောက်အဦဦးစီးဌာန အပါအဝင် ဌာနကြီးလေးခုကနေ ကဏ္ဍလေးခု ပြသပါတယ်။ တံတားဦးစီးဌာန အနေနဲ့ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီး မှာ ပေ ၁၈၀ နဲ့အထက် တံတားကြီးများ တည်ဆောက်ဆဲ၊ အကောင်အထည် ဖော်ဆဲတံတားကြီးများရဲ့ မြေပုံ၊ တည်နေရာ၊ တံတားအရှည်ပုံစံငယ်များကို ပြသထားပါတယ်။ တံတားကြီးများ တည်ဆောက်တဲ့အခါမှာ အရည်အသွေး ထိန်းသိမ်းရေး စစ်ဆေးဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ လုပ်ငန်းလုပ်ဆောင်ပုံအဆင့်ဆင့်ကို ပြသထားပါတယ်။ တံတားဦးစီးဌာန အနေနဲ့ နိုင်ငံတကာ အကူအညီနဲ့ အကောင်အထည်ဖော်တဲ့ တံတားကြီး ခြောက်စင်းရှိပါတယ်။ ရန်ကုန်မြို့မှာ သန်လျင် တံတားအမှတ်(၃)နဲ့ ဒလတံတား အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ နောက်ထပ်က မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဂျိုင်း (ဇာသပြင်) တံတား၊ အတ္ထရံတံတား တည်ဆောက်နေပါတယ်။ ရှမ်းပြည်နယ်ဘက် တရုတ်နိုင်ငံ နယ်စပ်မှာဆိုရင် ကွမ်းလုံတံတားသစ်ကြီးကို နိုင်ငံတကာ အကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ တံတားသစ်ကြီးတွေ တည်ဆောက်အကောင်အထည်ဖော်သလို ရှိပြီးသား တံတားကြီးတွေကိုလည်း နှစ်အလိုက် နိုင်ငံတော်ရဲ့အရေးပါမှုကို ဦးစားပေးအလိုက် မပျက်စီးအောင်ထိန်းသိမ်းတာ၊ အဆင့်မြှင့်တာတွေ၊ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ လမ်းတွေ၊ ဒေသတွင်း အချင်းချင်းဆက်သွယ်တဲ့ လမ်းတွေ =အဆင့်မြှင့်ဖို့လည်း ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကလည်း နိုင်ငံ့ ဝန်ထမ်းအိမ်ရာ၊ တန်ဖိုးသင့် ပြည်သူ့ အိမ်ရာနဲ့ အဆင့်မြင့်အိမ်ရာ လုပ်ငန်းတွေ ဆောင်ရွက်မှုပုံစံတွေကိုလည်း ပြသ ထားပါတယ်။ နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာတွေကိုလည်း ပြသထားပါတယ်။ စိန်ရတု လွတ်လပ်ရေးနေ့မှာ ပြခန်းတွေကို လာရောက်လေ့လာကြတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေဟာ လက်ရှိနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်တွေကို အသေးစိတ်သိရှိ လေ့လာနိုင်ကြမှာဖြစ်ပါတယ်။

 

ကိုဇော်မင်းခိုင်(Good & Right စပျစ်ဝိုင်)

မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အရောင်းပြခန်း

 

ကျွန်တော်က မကွေးတိုင်း ဒေသကြီး ချောင်းဖြူရွာကပါ။ မကွေးတိုင်းဒေသကြီး အရောင်းပြခန်းမှာ မကွေးတိုင်းအတွင်းက စပျစ်စိုက်ခင်းတွေက ထုတ်လုပ်တဲ့ စပျစ်သီးနဲ့ထုတ်လုပ်တဲ့ ဝိုင်ကို ရောင်းချပေးတာဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စပျစ်ကို ကျွန်တော်တို့အဖွဲ့ကနေ ၂၀၁၀ ပြည့် နှစ်နောက်ပိုင်းမှာ စတင်စိုက်ပျိုးခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ထဲမှာ စပျစ်ပင် အရေအတွက် ၁၃၂၀၀ လောက် စိုက်ပျိုးထားပါတယ်။ အခြားစိုက်ပျိုးထုတ်လုပ်သူတွေ အပါအဝင် အပင်စုစုပေါင်း ၃၀၀၀၀ ကျော်လောက် ရှိပါတယ်။ ဝိုင်ထုတ်လုပ် ရောင်းချမှုအနေနဲ့ ၂၀၁၃ ခုနှစ်လောက်မှာစပြီး အောင်မြင်လာ တာပါ။ စပျစ်ဝိုင် စထုတ်ဖြစ်တာက စားသုံးသူတွေဘက်က ဈေးကြီးကြီး ပေးဝယ်ရတာမျိုးမဖြစ်အောင် စိုက်ပျိုးသူတွေဘက်ကလည်း ဈေးတအားကျ မသွားအောင် စပျစ်သီးအတိုင်း ရောင်းချပေးတာအပြင် အဆင့်မြင့်ထုတ်ကုန်အနေနဲ့လည်း ဝိုင်ထုတ်လုပ်ပြီး ဈေးကွက်ကို ထိန်းညှိနိုင်အောင် ဆောင်ရွက်ခဲ့တာပါ။ ပထမပိုင်း ဝိုင်စလုပ်တဲ့ အချိန်မှာတုန်းက အခက်အခဲတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရအပြင် အခြားမိတ်ဖက်ဌာနတွေရဲ့ နည်းပညာအကူ အညီအပြင် မမြင်ရတဲ့ မျက်လုံးတစ်ဖက်ကို ဖွင့်ပေးလိုက်သလို အခုလိုမျိုး ဈေးကွက်ရောက်တဲ့အထိ အကူအညီတွေ ရတဲ့အတွက်ကျွန်တော်တို့ ထုတ်ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဌာနဆိုင်ရာတွေကလည်း အသေးစား စက်မှုလက်မှုလုပ်ငန်းတွေကို အားပေးတယ်၊ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ကြိုးကြိုးစားစား လုပ်တဲ့အတွက် အခုဆိုရင် ဈေးကွက်မှာ နာမည်တစ်ခုရတဲ့ အနေအထားထိ ရောက်လာပါပြီ။ အရင်ကလည်း နေပြည်တော်မှာပြုလုပ်တဲ့ မဲခေါင်- လန်ချန်းအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ပြပွဲတွေမှာလည်း ဝင်ရောက်ပြသခဲ့ဖူးပါတယ်။ အခု စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းမှာတော့ ပစ္စည်းပြတ်လပ်လို့ နောက်ထပ်ပြန်မှာရတဲ့အထိကို ရောင်းအားကောင်းပါတယ်။

 

ဒေါ်သီရိရတနာလှိုင် (ရိုးရာမောင် အထည်ဆိုင်) ပဲခူးတိုင်းဒေသကြီး ဈေးအရောင်းပြခန်း

 

ပြခန်းမှာ ပဲခူးတိုင်းဒေသကြီး ဒေသထွက်ကုန်ပစ္စည်း တစ်ခုဖြစ်တဲ့ ရိုးရာမောင်(ကျူပုဆိုး)ကို အဓိကထားပြီး လာရောက်ရောင်းချတာဖြစ်ပါတယ်။ ကျူပုဆိုးဆိုတာကတော့ ကျူထရံကွက် ဒီဇိုင်းကို အခြေခံထုတ်လုပ်ထားတဲ့ ပုဆိုးဒီဇိုင်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ ကျွန်မတို့ ပုဆိုးအကွင်း ၁၂၀၀ လောက် ရောင်းချခဲ့ရပါတယ်။ နောက်တစ်ခုက ဌာနဆိုင်ရာတွေနဲ့ ဝယ်ယူသူတွေကို တိုက်ရိုက်ထိတွေ့ ရောင်းချခွင့်ရတဲ့အတွက် ကျွှန်မဆွဲထားတဲ့ ဒီဇိုင်းသစ်တွေကို ဝယ်ယူဖို့အတွက် အမှာစာတွေလည်း ရခဲ့ပါတယ်။ ကျွှန်မတို့ရဲ့ စက်ရုံကတော့ ရွှေတောင်မြို့မှာ တည်ရှိပါတယ်။ စက်ရုံကနေ ကျူပုဆိုးတွေကို မူလလက်ဟောင်းဆင်တွေအပြင် ဒီဇိုင်းထွင်ပြီး လေးလွှား၊ ခြောက်လွှား၊ ရှစ်လွှား အထိ လိုချင်တဲ့ ပုံစံတွေကို ထုတ်လုပ်ပေး နေပါတယ်။

 

ဦး၀င်းကျော် (လက်ထောက်ညွှန်ကြား ရေးမှူး ) ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေး ဦးစီးဌာန

 

ကျွန်တော်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ တိုင်းရင်းသား ရိုးရာပြခန်းမှာ ကရင်ပြည်နယ် ပြခန်းအတွက် အဖွဲ့ဝင်အနေနဲ့ လိုက်ပါလာခြင်း ဖြစ်ပါတယ်။ ကရင်ပြည်နယ် အရောင်းပြခန်းမှာ တာလပေါ၊ ကြက်သားတာလပေါ၊ ခရုတာလပေါ၊ သံတောင်ဒေသထွက် ကော်ဖီ၊ လှော်စာ၊ ခေါင်ရည်တွေကို ရောင်းချပေးခဲ့ပါတယ်။ မြည်းစမ်းကြည့်ချင်သူများအတွက် မြည်းစမ်းခွင့် ၀န်ဆောင်မှုတွေလည်း ပေးပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်အရောင်း ပြခန်းမှာ တစ်နေ့ လာရောက်လည်ပတ်သူ ၅၀၀ အတွက် ရိုးရာအစားအစာတွေကို စတုဒိသာ နေ့စဉ်ကျွေးမွေးလျက်ရှိပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွေးမွေးတာဖြစ်ပါတယ်။ အဓိက ရောင်းချပေးလျက်ရှိတဲ့ အစားအစာတွေဟာလည်း ခွင့်ပြုလိုင်စင်ရရှိပြီး စားသောက်စရာတွေကို ရောင်းချပေးလျက်ရှိပါတယ်။ ရောင်းချတဲ့ပစ္စည်း အရေအတွက်က ဘားအံက ၁၉ မျိုးနဲ့ သံတောင်က ၁၀ မျိုး စုစုပေါင်း ပစ္စည်း ၂၉ မျိုးကို ရောင်းချပေးခဲ့တာ ယနေ့မှာ အနည်းငယ်သာ ကျန်ရှိပါတယ်။ တစ်နေ့ပျမ်းမျှ ရောင်းချငွေဟာ ၁၈ သိန်းကျော်၀န်းကျင် နေ့စဉ်ရောင်းချ ရရှိပါတယ်။ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ ကျွန်တော်တို့လို တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ နေပြည်တော် ဒေသထွက်ကုန်ပစ္စည်းတွေကို အချင်းချင်းဖလှယ်ခွင့်၊ ဝယ်ယူအားပေးခွင့်နဲ့ အချင်းချင်းချစ်ကြည် ရင်းနှီးခွင့်တွေ ရရှိကြပါတယ်။ ကရင် အစားအစာတွေကို အခမဲ့ စတုဒိသာ ကျွေးခွင့်ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်။

 

ဦးသန်းနိုင်(ဥက္ကဋ္ဌ၊ ထူးဟန်သစ်ကုမ္ပဏီ လီမိတက်) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း

 

ကျွန်တော်တို့ ဝါးနဲ့ပတ်သက်တဲ့ ပြခန်းအနေနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနပြခန်းမှာ ပြသခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က စိုက်ပျိုးရေးလည်းလုပ်ပါတယ်။ အဓိက ကျွန်းပင်တွေကို စိုက်ပျိုးပါတယ်။ ကျွန်းကို စိုက်ပျိုးတဲ့အခါ ကျွန်းပင်တွေထိန်းသိမ်းဖို့ ဝါးပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။ အဲဒီ ကနေ ဝါးနဲ့ပတ်သက်တဲ့ ဝါးမီးသွေး ထုတ်ကုန်တွေထုတ်ဖို့ ဂျပန်နိုင်ငံက ပညာရှင်တွေကိုခေါ်ယူပြီး နည်းပညာတွေ ရယူခဲ့ပါတယ်။ အခုလို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ ထုတ်ကုန်တွေ အဆင်သင့် မဖြစ်သေးပေမယ့် ပြီးခဲ့သမျှတွေကို ပြသခွင့်ရခဲ့ပါတယ်။ ဝါးမီးသွေးနဲ့ပတ်သက်ပြီး ပြည်သူတွေမသိရှိသေးတာတွေကို သိရှိလာအောင် အသေးစိတ်ရှင်းပြခွင့်လည်း ရရှိခဲ့ပါတယ်။ ဝါးမီးသွေးက လေကောင်းလေသန့်ရရှိတယ်။ ဝါးမီးသွေးကထုတ်တဲ့ ဝါးပေါင်းခံရည်ဟာလည်း ကျန်းမာရေးအတွက် အလွန်ကိုအကျိုးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဝါးပင်တွေ ပေါပေါများများ ရှိတဲ့အတွက် ဝါးနဲ့ပတ်သက်တဲ့ ကုန်ချောတွေကိုထုတ်လုပ်ပြီး ပြည်သူတွေအနေနဲ့ ဈေးနှုန်း သက်သာစွာ ဝယ်ယူအသုံးပြု နိုင်စေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဝါးပေါင်းခံရည်က ထုတ်လုပ်တဲ့ ဝါးဆပ်ပြာ၊ ခံတွင်းသန့်ဆေးရည်၊ ဝါးမီးသွေးစတဲ့အမယ်တွေနဲ့ ပြသရောင်းချပေးခဲ့ပါတယ်။