ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ အပူလှိုင်းဖြစ်ပွားသဖြင့် စာသင်ကျောင်းများ ခုနစ်ရက်ကြာပိတ်ထားမည်

မေ ၂၁

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် အပူချိန်မြင့်မားမှုနှင့်အပူလှိုင်းဖြစ်ပွားမှုကြောင့် အစိုးရနှင့်ပုဂ္ဂလိက စာသင်ကျောင်းအားလုံးကို မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ခုနစ်ရက်ကြာပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ သို့ရာတွင် ကျောင်းသားများဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်သောကြိုတင်ကာကွယ်မှုများနှင့်အတူ အချိန်စာရင်းအတိုင်း စာသင်ကျောင်းများအားလုံး စာမေးပွဲများ စစ်ဆေးပြုလုပ် သွားမည်ဖြစ်ကြောင်း ပန်ဂျပ်အစိုးရအဖွဲ့ကျောင်းပညာရေးဌာနက ပြောကြားသည်။ နိုင်ငံ၏နေရာအများစု အထူးသဖြင့် ပန်ဂျပ်နှင့် တောင်ပိုင်း ဆင်းရှ်ပြည်နယ်တို့တွင် မေလ ၂၁ ရက်မှစတင်ကာ လေဖိအားနည်းရပ်ဝန်းတွင် အပူချိန်မြင့်မားမှုကြောင့် အပူလှိုင်းများဖြစ်ပေါ်လာဖွယ်ရှိသည်ဟု လွန်ခဲ့သောသီတင်းပတ်က မိုးလေဝသဌာနက ဆိုသည်။ မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း ပြင်းထန်သောအပူလှိုင်းဖြစ်ပေါ်လာဖွယ်ရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။ အပူလှိုင်းနှင့် အလွန်အမင်းခြောက်သွေ့မှုအခြေအနေတို့သည် နိုင်ငံ၏အခြားနေရာများနှင့်ပန်ဂျပ်ဒေသတို့တွင် တောမီများလောင်ကျွမ်းမှုဖြစ်ပေါ်စေနိုင်သည်ဟု မိုးလေဝသဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို