အစ္စလာမာဘတ် ဇွန် ၁၄
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွန်ခွာ ပြည်နယ်တွင် ပြီးခဲ့သည့်တစ်ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ခုနစ်ဦး သေဆုံးကာ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြား သည်။
ဗန်နူ၊ ရှန်လာနှင့် မန်ဆီရာခရိုင်များတွင် အိမ်ခေါင်မိုးနှင့် နံရံများပြိုကျရာမှ ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့သည်။ သေဆုံးသူများတွင် ကလေး နှစ်ဦး၊ အမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများတွင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေး ၁၄ ဦးတို့ ပါဝင် ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။
ပြည်နယ်မြောက်ပိုင်း တောင်တန်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
ချက်ထရယ်၊ ဒါရ်၊ ဆွက်၊ ကိုဟစ်စတန်နှင့် မန်ဆီရာခရိုင်များတွင် သတိပေးချက်များထုတ်ပြန်ခဲ့ပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ညွှန်ကြားခဲ့သည်။ မြစ်ချောင်းများအနီးတွင် နေထိုင်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


