ပါကစ္စတန်လေယာဉ်မှူး သုံးဦးတွင်တစ်ဦးသည် လိုင်စင်အတု ရှိနိုင်ဟု လေကြောင်းဝန်ကြီး ပြော

၂၆ ဇွန်

 

ပါကစ္စတန်နိုင်ငံရှိ လေယာဉ်မှူးသုံးပုံတစ်ပုံခန့်တွင် တရားဝင် လိုင်စင်များ မရှိနိုင်ကြောင်း၊ ၎င်းတို့သည် လေယာဉ်ပျံသန်းရန်အရည်အချင်း မပြည့်မီကြောင်း ပါကစ္စတန်လေကြောင်းဝန်ကြီးက ဆိုသည်။ 

 

ဂူလမ်ဆာဝါခန်က လေယာဉ်မှူးများ၏ အရည်အချင်းများနှင့် မေလက ပျက်ကျခဲ့သည့် လေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု၏ ပဏာမတွေ့ရှိချက်ကို ထုတ်ပြန်ကြေညာနေစဉ် ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 

ပါကစ္စတန်အစိုးရသည် ကရာချိမြို့တော်တွင် ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။ 

 

အဆိုပါလေယာဉ်ပျက်ကျမှုတွင် လူပေါင်း ၉၇ ဦး သေဆုံးခဲ့သည်။ 

 

လေယာဉ်ပျံသန်းနေစဉ် ထိုလေယာဉ်ပေါ်ရှိ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးများသည် စကားစမည်ပြောဆိုကာ အာရုံတခြားရောက်နေခဲ့သည်ဟု စွပ်စွဲခံရသည်။ 

 

ပါကစ္စတန်ရှိ လေယာဉ်မှူး ၈၆၀ ဦးအနက် ၂၆၂ ဦးသည် လိုင်စင်အတုများ ကိုင်ဆောင်ထားသည်ဟု သံသယရှိကြောင်း ခန်က ပြောကြားသည်။ 

 

လေယာဉ်မှူး သုံးပုံတစ်ပုံခန့် (သို့မဟုတ်) လေယာဉ်မှူး ၁၅၀ ခန့်သည် ၎င်းတို့၏ လိုင်စင်များကို မမှန်မကန်ရရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။ 

 

ပါကစ္စတန်အစိုးရက ဉပဒေချိုးဖောက်မှုတွင် ပါဝင်သော လေယာဉ်မှူးများကို နောက်ထပ်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

222