ပါကစ္စတန် ဗလီဝတ်ပြုကျောင်း ဗုံးပေါက်ကွဲမှုတွင် ၁၄ ဦးသေ၊ ၂၀ ဒဏ်ရာရ

အစ္စလာမ္မာဘတ် ၁၂ ဇန်နဝါရီ

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကွက်တာမြို့တော်ရှိ ဗလီဝတ်ပြုကျောင်း တစ်ခု၌ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

 

လူ ၁၉ ဦးကို ဒဏ်ရာများရရှိခဲ့မှုကြောင့် ဆေးရုံတစ်ခု၌ ကုသပေးနေကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားသည်။ ယမန်နေ့က ဗလီဝတ်ပြုကျောင်းကို လှုပ်ရမ်းသွားစေခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အအုံကို ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားစေခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။ သောကြာနေ့ ညနေ ဝတ်ပြုဆုတောင်းပွဲအတွက် ဗလီဝတ်ပြုကျောင်း၌ လူပေါင်းများစွာ စုဝေးရောက်ရှိခဲ့သည်ဟု ဆိုသည်။ အုတ်ကျိုးအုတ်ပဲ့များအောက်တွင် လူအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

လက်ရှိအချိန်ထိ မည်သူကမျှ ဗုံးဖောက်ခွဲခဲ့သည်ဟု ပြောကြားခဲ့ခြင်းမရှိသော်လည်း ဒေသန္တရရဲတပ်ဖွဲ့က အသေခံဗုံးခွဲမှုမှာ သံသယ ဖြစ်ဖွယ်ရာ အမျိုးသားတစ်ဦးက ဗလီဝတ်ပြု ကျောင်းအတွင်း ဝင်ရောက်သွားပြီးနောက် ချက်ချင်းဆိုသလို ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု သံသယရှိနေသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန် - ကျော်ထိုက်စိုး