ပိုးသာကုန်မောင်ပုံစောင်းမတတ်

၂၁ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဘင်္ဂလီလူနည်းစု အပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုများနှင့်ပတ်သက်၍ တစ်နေ့နေ့၌ တရားရုံးတွင် မြန်မာနိုင်ငံအပေါ် တရားစီရင်မှု ပြုလုပ်ခဲ့ပါက အံ့သြလိမ့်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။ ဤကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အကြီးအကဲဆိုသူက သူ၏ ပြောဆိုချက်တစ်နေရာ၌ လူမျိုး တုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များသည် လွန်စွာ မြင့်မား သောကြောင့် အခိုင်အမာ သက်သေပြရန် ခက်ခဲသည်ဟုလည်း ပြောဆို ခဲ့ပြန်ပါသည်။ စကားနောက်တရားပါဟူသော မြန်မာစကားရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဆိုသူ၏ စကားသည် ကိုယ့်စကားအပေါ် ကိုယ်တာဝန်မယူနိုင်သည့်အနေအထားကို ဖော်ပြ နေပါသည်။

 

သူကိုယ်တိုင် အထောက်အထားအခိုင်အမာ မရှိပါဟု ဝန်ခံပြောဆို ထားပါလျက် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးအား ''လူမျိုးစုလိုက် သုတ်သင်မှုပြဋ္ဌာန်းစာအုပ် နမူနာတစ်ရပ်'' ဟု စွပ်စွဲလိုက်ပါသေးသည်။ စကား၊ စကား ပြောပါများ စကားထဲက ဇာတိပြ ဟူသော မြန်မာဆိုရိုး စကားရှိပါသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲသည် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေသည်မှာ ငြင်းပယ်၍ မရနိုင်လောက်သော အချက်အလက်တို့ရှိနေသည်ဟူ၍လည်း ဆိုပြန်ပါသည်။ တစ်ခါ အထက်၌ တင်ပြထားသကဲ့သို့ သက်သေအချက် အလက်တို့အား အခိုင်အမာပြသရန် မဖြစ်နိုင်ဟုလည်း ဝန်ခံပြန်ပါသည်။

 

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂလီဒုက္ခသည် စခန်းတို့၌ ဘာသာရေးအကြမ်းဖက် ဂျီဟတ်အုပ်စုများ ပေါ်ပေါက်လာလျက် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာမည်ကို စိုးရိမ်ကြောင်း မိကျောင်းမျက်ရည်ကျ ပြခဲ့ပါသည်။ အကြမ်းဖက်သမားတို့၏ အ္တရာယ်ကို ဤမျှစိုးရိမ်သည် ဆိုသော ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲဆိုသူက ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို မသိရှိသကဲ့သို့ ပြုမူပြောဆိုနေခြင်းသည် မျက်ရည်ကျပြတတ်သော မိကျောင်းတို့၏ အန္တရာယ်ကို ညွှန်ပြနေပါသည်။ ပိုးသာကုန် မောင်ပုံစောင်းမတတ်ဆိုသည်မှာ အဆိုပါ ကုလသမဂ္ဂလူ့အခွင့် အရေးအကြီးအကဲကို ရည်ဝန်းနေသည်ဟုပင် ဆိုလိုက်ချင်ပါသည်။

 

 မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟူသော သက်သေအခိုင်အမာမရှိသကဲ့သို့ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးအဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် မြန်မာနိုင်ငံကို ဤသို့ တရားစွဲဆိုလိုပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တစ်ဆင့်သာ ဆောင်ရွက်နိုင်ပါသည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံတို့ရှိနေခြင်းကြောင့် ဤနည်းလမ်းသည်လည်း လက်တွေ့၌ ဖြစ်မြောက်လာနိုင်စရာအကြောင်းမရှိပါ။ ဤဖြစ်ရပ်က လူ့လောက၌ ပိုးသာကုန် မောင်ပုံစောင်းမတတ်ဟူသော ပုဂ္ဂိုလ်တို့ မည်မျှ များပြားသည်ကို ညွှန်ပြနေပါကြောင်း လေးစားစွာ တင်ပြအပ်ပါ သည်။