ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

တွေ့ဆုံမေးမြန်း - နန္ဒာဝင်း

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာပါလီမန်စနစ်နှင့် ဝေးကွာခဲ့ပြီးနောက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်တွင် လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည်။ လွှတ်တော်တွင် အမြဲတမ်းကော်မတီ ၄ ခုသာမက လုပ်ငန်းလိုအပ်ချက်အရ ထပ်မံဖွဲ့စည်းသည့် လွှတ်တော်ရေးရာ ကော်မတီများလည်း ပေါ်ပေါက်လာသည်။

ကော်မတီသည် လုပ်ငန်းတာဝန်များကို အောင်မြင်ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ကော်မတီသည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရသည်။ ထို့ပြင် သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသော ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့ တင်ပြဆောင်ရွက်ရသည်။

ကော်မတီသည် ဥပဒေပြုရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ရုံး၏ တာဝန်ခွဲဝေ သတ်မှတ်ပေးချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပယ်ဖျက်၊ ပြင်ဆင်၊ အသစ် ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ရသည်။

ထို့ပြင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများနှင့် လည်းကောင်း၊ ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရသည်။

ထို့အတူ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ သနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင် ခံရသည်။

ကော်မတီကစိစစ်ရန် သတ်မှတ်ပေးထားသည့် ဝန်ကြီးဌာန နှစ်ခုအနက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဥပဒေ ၂၇ ခုတွင် စိစစ်ဆဲဥပဒေ ၉ ခု၊ အတည်ပြုပြဋ္ဌာန်းပြီးဥပဒေ ၁၈ ခုတို့ကို ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဥပဒေ ၉ ခုတွင် အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ ၈ ခု၊ စိစစ်ဆဲ ဥပဒေ ၁ ခုတို့ကို ဆောင်ရွက်လျက်ရှိရာ ကော်မတီမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။

 

mdn

ဦးဝင်းထွဋ်

ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ

ကျွန်တော်တို့ကော်မတီဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှစ်ခုကို စောင့်ကြည့်ထိန်းညှိရတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ ဦးစီးဌာန ၇ ခု၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၈ ခုနဲ့တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း စုစုပေါင်း ၃ ခု ပါဝင်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာတော့ ဦးစီးဌာန ၅ ခု ပါဝင်ပါတယ်။ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ ဥပဒေ ၂၇ ခု၊ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဥပဒေ ၉ ခု၊ စုစုပေါင်းဥပဒေ ၃၆ ခုကို ကျွန်တော်တို့ ကော်မတီက ကိုင်တွယ်ဆောင်ရွက်ရပါတယ်။

ကျွန်တော်တို့ဟာ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီ တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုရေးကို ဆောင်ရွက်ရာမှာ အဓိက တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်မှုတွေ ဆောင်ရွက်ရပါတယ်။ အသစ်ပြဋ္ဌာန်း ဖို့လိုတဲ့ ဥပဒေတွေကိုလည်း အသစ်ပြဋ္ဌာန်းနိုင်အောင် ကြိုးစားရပါတယ်။

နောက်တစ်ခုကတော့ ဥပဒေပြုပြီးနောက် စိစစ်ခြင်းပါ။ ဒါကအရေးကြီးပါတယ်။ ကျွန်တော်တို့ ပြုလိုက်တဲ့ ဥပဒေတွေကို ကျင့်သုံးတဲ့အခါ လိုအပ်ချက်တွေ ရှိ၊ မရှိ၊ မြေပြင်အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စိစစ်တဲ့ လုပ်ငန်းကို ဆောင်ရွက်ရပါတယ်။ နောက်ပြီးဘဏ္ဍာနှစ်အလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို စိစစ်ရတဲ့ လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ရပါတယ်။ ဒါကလည်း အင်မတန်အရေးပါတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေပြုရေးကဏ္ဍအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ထိန်းကျောင်းရတဲ့ အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနတွေက သူတို့ ကိုင်တွယ်ကျင့်သုံးတဲ့ ဥပဒေတွေ၊ တည်ဆဲဥပဒေတွေနဲ့ အညီ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ကိုက်ညီမှု ရှိ၊ မရှိ၊ လိုက်လျောညီညွတ်မှု ရှိ၊ မရှိ ဒါတွေကိုလည်း စောင့်ကြည့်ထိန်းညှိတဲ့ တာဝန်ကို ဆောင်ရွက်ရပါတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာလည်း တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆီလျော်မှု ရှိ၊ မရှိ၊ ပြည်သူရဲ့ အကျိုးစီးပွားကို ရှေးရှုမှု ရှိ၊ မရှိကိုလည်း စိစစ်ထိန်းညှိပေးရပါတယ်။ ဒါသည် ကျွန်တော်တို့ လွှတ်တော်ကော်မတီတွေရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

ကျွန်တော်တို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီကတော့ ဥပဒေပြုရေး အနေနဲ့ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေကြမ်းကို တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့က ပေးပို့ထားတဲ့ တိုက်ခန်းအိမ်ရာ အဆောက်အဦဆိုင်ရာ ဥပဒေ (မူကြမ်း) ကိုလည်း ဆွေးနွေးနေပါတယ်။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

အခုရက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ လိုက်နာကျင့်သုံးရမယ့် လုပ်ငန်းလမ်းညွှန်ချက်များ မူကြမ်း၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ ၁/ ၂၀၁၇ အရ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်တဲ့ Standard Operating Procedure (SOP) ကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့အတူ ပြင်ဆင်အကြံပြုချက်တွေကို ပေးပို့ဆောင်ရွက် နေပါတယ်။

Standard Operating Procedure (SOP) ကို ပြဋ္ဌာန်းတဲ့အခါ ရှိနေတဲ့အခြေအနေတွေ၊ ရှိနေတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ သဘောသဘာဝတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တင်ဒါလုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့၊ နောက်ပြီး နိုင်ငံတော်ဘတ်ဂျက်ကို သုံးပြီးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေမှာ သုံးရတဲ့ပမာဏနဲ့ တန်ဖိုးညီတဲ့လုပ်ငန်းတွေ ပြီးမြောက်ဖို့၊ သတ်မှတ်ထားတဲ့ ဘတ်ဂျက်နှစ်အတွင်းမှာ ပြီးမြောက်ဖို့ အဲဒီလုပ်ငန်းစဉ်တွေဟာ ဒီနေ့နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အသုံးပြုတဲ့ တည်ဆောက်ရေးလုပ်ငန်း တွေမှာ အရေးတကြီးလိုအပ်နေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။

အဲဒီတော့ SOP ကို မြေပြင်နဲ့လည်း လိုက်လျောညီထွေရှိမယ်၊ အမှန်တကယ် ကျင့်သုံးဆောင်ရွက်တဲ့အခါ ကန်ထရိုက်တာတွေရော၊ နိုင်ငံတော်ရော ကျွန်တော်တို့ ဒေသခံပြည်သူတွေပါ အကျိုးရှိစေမယ့် လုပ်ငန်းစဉ် တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့လည်း အကြိမ်ကြိမ်ဆွေးနွေးဆောင်ရွက်ပြီး ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ BOT ပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းတွေကို ပုဂ္ဂလိကကဏ္ဍကို BOT စနစ်နဲ့ ဆောင်ရွက်စေတဲ့ လုပ်ငန်းစဉ်ပါ။ အဲဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ စာချုပ်ချုပ်တဲ့အခါ အရင်ချုပ်ခဲ့တဲ့ စာချုပ်တွေက အားနည်းချက်တွေ၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ အမှန်တကယ် အသုံးပြုတဲ့ ပြည်သူတွေလည်း ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေ မရပါဘူး။ ပုဂ္ဂလိက အချို့လုပ်ငန်းရှင်တွေမှာလည်း နစ်နာဆုံးရှုံးမှုတွေ ရှိပါတယ်။

အဲဒီအတွက် ကျွန်တော်တို့က BOT ပဋိညာဉ် စာချုပ်တွေကို ပိုမိုပြီးလက်တွေ့ကျအောင်၊ BOT ရဲ့ သဘောသဘာဝတွေ ပိုမိုပြည့်စုံလာအောင် စည်းနှောင်အားကောင်းတဲ့ ပဋိညာဉ်စာချုပ်တွေ ဖြစ်လာအောင် နိုင်ငံတော်၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ အများပြည်သူအကျိုး ဖြစ်ထွန်းစေမယ့် ပဋိညာဉ် စာချုပ်မျိုးတွေ ဖြစ်လာအောင် ကျွန်တော်တို့ကော်မတီက လိုအပ်တဲ့ အကြံဉာဏ်တွေ၊ သုံးသပ်ချက်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပြီး ကျွန်တော်တို့ရဲ့ သဘောထားတွေ ပေးပို့ခဲ့ပါတယ်။

ဒီလိုလုပ်ငန်းစဉ်မှာ အဓိကကျတဲ့လမ်းရဲ့ အခွန်အခတွေက လက်တွေ့ကျရမယ်။ အများပြည်သူအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရဘူး။ လုပ်ငန်းရှင်တွေအတွက်လည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ စရိတ်စကတွေအတွက် လုံလောက်တဲ့ နှုန်းထားတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်လည်း ဒီလုပ်ငန်းစဉ်ကို ပြန်လည်စိစစ်တဲ့နည်းလမ်း၊ မူလစဉ်းစားချက်အပေါ် အောက်ခြေက ပြန်လည်စဉ်းစားတဲ့နည်းလမ်းနဲ့ မှန်ကန်တဲ့နည်းလမ်းတွေရလာဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ အကြံပြုထားပါတယ်။

ဒီလုပ်ငန်းစဉ်တွေဟာ ချက်ချင်းလက်ငင်း ပြီးစီးဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် မကြာမီကာလမှာ ပြီးစီးပြီး အမှန်တကယ်လုပ်ငန်းတစ်ခု၊ အောင်မြင်တဲ့ စည်းနှောင်အားကောင်းတဲ့ ပဋိညာဉ်စာချုပ်တွေဖြစ်ဖို့ ကျွန်တော်တို့ကော်မတီက ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ဆက်သွယ်ရေး အခွန်အခနှုန်းထားတွေ၊ ဆက်သွယ်ရေးအော်ပရေတာတွေက ဝန်ဆောင်ခပိုပြီး ဖြတ်နေတယ်ဆိုတဲ့ တိုင်ကြားမှုမျိုးတွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ခေါ်ယူညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ အများဆုံးရှိတဲ့ ဌာန ဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်း၊ မြန်မာ့မီးရထား၊ မြန်မာဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့သင်္ဘော ကျင်းလုပ်ငန်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း အစရှိတဲ့လုပ်ငန်းတွေ အများဆုံးပါဝင်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပက ကော်ပိုရေးရှင်းပုံစံနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆိုရင် မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း လာမယ့်နှစ်အတွင်းမှာ ကော်ပိုရေးရှင်းပုံစံ စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာတော့ မှာဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေပြုပြီး စီးပွားရေးပုံစံ ဖွဲ့စည်းလိုက်တဲ့ လုပ်ငန်းစဉ်တွေဟာ အောင်မြင်ဖို့ လိုပါတယ်။ အဲဒီလိုအောင်မြင်ဖို့အတွက် ဥပဒေပြုပြီးနောက် ပြန်လည်စိစစ်တဲ့ (PLS-Post Legislative Scrutiny) လုပ်ငန်းစဉ်ကို ကျွန်တော်တို့ကော်မတီက ဆောင်ရွက်မှာဖြစ်ပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရဲ့ အရင်းအမြစ်တွေကို နိုင်ငံသူ၊ နိုင်ငံသားတွေ အကျိုးစီးပွား ဖြစ်အောင် စီမံခန့်ခွဲနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ကော်မတီက နိုင်ငံတော်အတွက် အဓိကအောင်မြင်တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေဖြစ်ဖို့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ အများဆုံးရှိတဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ စောင့်ကြည့်ထိန်းညှိသွားမှာဖြစ်ပါတယ်။

တည်ဆောက်ရေးနဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်းတွေမှာ ဒီဇိုင်း၊ စံနှုန်း သတ်မှတ်ချက်တွေ ထုတ်ပြန်နိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေး ဟန်ချက်ညီဖြစ်စေဖို့၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု (Construction Safety) ပိုမိုတိုးတက် ကောင်းမွန်စေဖို့တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေး ထိန်းကျောင်းသွားမှာ ဖြစ်ပါတယ်။

 

 

mdn

ဒေါ်ယဉ်မင်းလှိုင်

ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်သွင်းတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကိုပြင်ဆင်ပါတယ်။ နောက်ပြီး အခုနှစ် ဇွန်လမှာ တံတားကြီးများဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပါတယ်။ သြဂုတ်လမှာတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါတွေအပြင် အများကြီးလိုအပ်နေတဲ့ ဥပဒေတွေလည်း ကျန်ရှိနေပါသေးတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနက အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာတွေ ပါရှိတဲ့အတွက် ကျွန်မတို့ကော်မတီက အမြန်တွန်းအားပေးပြီး ဆောင်ရွက်ခိုင်းထားတာက Third Party တတိယအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်ပါတယ်။Third Party နဲ့ ပတ်သက်တဲ့အဆိုကို ကျွန်မလွှတ်တော်မှာ တင်သွင်းခဲ့ပြီး အတည်ပြုထားတာ (၂)နှစ်ကျော်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ တိကျတဲ့ ဥပဒေ၊ နည်းဥပဒေတွေ မထွက်သေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အမျိုးမျိုး ကျင့်သုံးနေပါတယ်။

ပြီးခဲ့တဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးမှာ ကော်မတီအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အဦး ကြီးကြပ်မှုအက်ဥပဒေကို (၆) လ အတွင်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ ပြုစုပေးပို့ပေးပါလို့ စာထွက်ထားပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲက စင်ကာပူနိုင်ငံရဲ့ အဆောက်အဦကြီးကြပ်မှု အက်ဥပဒေကို ဘာသာပြန်ပြီး ကော်မတီအနေနဲ့ အကြံပြုထားပါတယ်။ (၆) လအတွင်း ပြုစုတင်ပြပါလို့ ကျွန်မတို့စာထုတ်ထားပါတယ်။

တင်ဒါလမ်းညွှန်နဲ့ ပတ်သက်ပြီး ကျွန်မတို့ ပြင်စရာတွေ အများကြီးရှိတယ်။ ပြင်ဆင်ဖို့လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး အစည်းအဝေးအကြိမ်ကြိမ် ခေါ်ယူကြိုးစားနေတယ်။ တင်ဒါလမ်းညွှန် တိတိကျကျရှိလာမယ်၊ အဆောက်အဦကြီးကြပ်မှု အက်ဥပဒေ တိတိကျကျရှိလာမယ်၊ အခုပြုစုရေးဆွဲနေတဲ့ Procure-ment Law ရှိလာမယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော်တော်စိတ်ချရမှာ ဖြစ်ပါတယ်။ အမြန်ဆုံးဖြစ်ထွန်းလာမယ်လို့လည်း ကျွန်မတို့ ယုံကြည်တဲ့အတွက် ကော်မတီက တိုက်တွန်းပြီး ကြိုးစားနေ ပါတယ်။

ကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ အငြင်းပွားနေတဲ့ အနည်းဆုံးဈေးကို တင်ဒါပေးရမယ်ဆိုတဲ့ ကြယ်ပွင့်ပြ မေးခွန်းကိုလည်း ကော်မတီဝင် ဦးနိုင်နိုင်ဝင်းက မေးထားပါတယ်။ တင်ဒါရဲ့ သဘောသဘာဝကိုက အနည်းဆုံး ဈေးပေးသူကို ပေးရမှာဖြစ်တယ်၊ ဝိဝါဒကွဲနေကြတဲ့အတွက် ကြယ်ပွင့်ပြမေးခွန်းကို မေးခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးဈေးကို ပေးရမယ်ဆိုတဲ့ အဖြေလည်း ထွက်ပြီးဖြစ်ပါတယ်။

နောက်တစ်ခုက ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေပြဋ္ဌာန်းတာနဲ့ပတ်သက်ရင် ယှဉ်ပြိုင်လာတဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ အခြားသောဆက်သွယ်ရေး ကုမ္ပဏီတွေလည်း ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် နိုင်ငံပိုင် MPT ကိုလည်း ဥပဒေတစ်ရပ်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပီပီပြင်ပြင်ဆောင်ရွက် နိုင်ဖို့ ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ကျွန်မတို့ကော်မတီမှာ ဆက်သွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ ဖုန်းဘီလ်ဖြတ်တာ မတရားခံနေရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ရင် အောင်မြေသာဇံမဲဆန္ဒနယ်က ဒေါက်တာလှမိုးက ကြယ်ပွင့်ပြ မေးခွန်း တင်ခဲ့တာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့ကော်မတီက ဝန်ကြီးဌာနကို ခေါ်ယူတွေ့ဆုံပြီး Parliamentary Oversight လုပ်ခဲ့ပါတယ်။ ဒါတွေက ကွန်ပျူတာစနစ်နဲ့ သွားနေတာမှာ အပိုဖြတ်ယူတယ် ဆိုတဲ့ကိစ္စဟာ ပြည်သူလူထုသိသင့်သိထိုက်၊ ရှိသင့်ရှိထိုက်တဲ့ အသိပညာပေးမှုကို ဆက်သွယ်ရေးကုမ္ပဏီ တွေအနေနဲ့ ပေးပေးပါ။ သူတို့မသိလို့ ဒါလေးနှိပ်လိုက်မိလို့ ဒီငွေကို ကျွန်တော်တို့ ဖြတ်လိုက်တာဆိုတာ မဖြစ်စေချင်လို့ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနကိုလည်း ပြောထားတာရှိပါတယ်။

၂၀၁၆ ခုနစ် မတ်လမှာ ဝန်ကြီးဌာနနဲ့ တရုတ် ကုမ္ပဏီတစ်ခု CCGG လို့ခေါ်တဲ့ လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုထားတာ ရှိပါတယ်။ ရန်ကုန်မြစ်ထဲမှာ Pilot Station တည်ဆောက်ဖို့ကိစ္စပါ။ စံနှုန်းတွေနဲ့ လွဲနေတယ်။ သဘောသဘာဝတွေနဲ့ လွဲနေတယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ တက်လာတာတွေကိုလည်း ကျွန်မတို့ နှစ်ကြိမ်ခေါ်ယူတွေ့ဆုံ ထိန်းကျောင်းပါတယ်။ ကွင်းဆင်းကြည့်ရှုဖို့လည်း ရှိပါတယ်။ ဒီ Pilot Station ဟာပင်လယ်ကူးသင်္ဘောကြီးတွေရဲ့ Captain သင်္ဘော မောင်းသူတွေအနေနဲ့ အနားယူနိုင်တဲ့ နေရာတစ်ခုဖြစ်ဖို့ ရည်ရွယ်ပြီး ဒေါ်လာသန်းများစွာ အကုန်အကျခံ တည်ဆောက်နေတယ်၊ တကယ်လက်တွေ့မှာ အသုံးမဝင် ဖြစ်နေတာကို ဝန်ကြီးဌာနကို ခေါ်ယူညှိနှိုင်းပါတယ်။

နောက်ပြီး တာဝါတိုင်တွေတည်ဆောက်တဲ့ ကိစ္စတွေဟာ ရပ်ရွာတွေမှာ အင်မတန်အငြင်းပွားဖွယ် ဖြစ်နေကြပါတယ်။ တာဝါတိုင်နဲ့ပတ်သက်ပြီး တစ်ခုခု အငြင်းပွားတယ်ဆိုရင် တာဝါတိုင် တည်ဆောက်တဲ့ကုမ္ပဏီကို ပြောရမလား၊ ဖုန်းကုမ္ပဏီကိုပဲ ပြောရမလားဆိုပြီး ဝိဝါဒကွဲမှုတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ရင် စာချုပ် ဘယ်သူနဲ့ချုပ်သလဲ၊ တာဝါတိုင်တည်ဆောက်တဲ့ ကုမ္ပဏီနဲ့ မြေရှင်နဲ့ စာချုပ်ချုပ်တယ်ဆိုရင် တာဝါတိုင် တည်ဆောက်တဲ့ ကုမ္ပဏီမှာတာဝန်ရှိတယ်။ ဆက်သွယ် ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်တယ်ဆိုရင် ကုမ္ပဏီမှာ တာဝန်ရှိတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းတွေကို ကျွန်မတို့ကော်မတီကို တင်ပြပေးဖို့လိုပါတယ်။

ကျွန်မတို့ကော်မတီအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေတွေကို ဆက်လက်ပြီးတော့လည်း ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုရေးဆွဲနေတဲ့ ဥပဒေတွေနဲ့ ပတ်သက်ရင်လည်း လွှတ်တော်ကော်မတီနဲ့ အတတ်နိုင်ဆုံး အရင် ညှိနှိုင်းပါ။ ကျွန်မတို့ကော်မတီအနေနဲ့ BOT လမ်းတွေ လမ်းကြေးတိုးမြှင့် ကောက်ခံရေးကိုလည်း သေသေချာချာ စိစစ်သွားမှာပါ။ လုပ်ငန်းတွေ အရည်အသွေးမီမှ တက်သင့်တက်ထိုက်တဲ့ လမ်းကြေး၊ လမ်းခွန်ကောက်ခံမှု နှုန်းထားတွေလည်းတက်ဖို့ ကျွန်မတို့ကော်မတီအနေနဲ့ ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။