ပီတိစား ဆရာများသို့ ဂါရဝ

သိန်းထွန်း (IR)

 

ကာလယ္တရားအားဖြင့်ဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်ရှိပေပြီ။ အချိန်ကာလ အတိုင်းအတာအရ ရှည်လျားသော်လည်း မေတ္တာအား၊ စေတနာအား၊ ပညာအားတို့သည် မနေ့တစ်နေ့ကကဲ့သို့ပင် ရှင်သန်နေဆဲ၊ လန်းဆန်းနေဆဲ၊ ဝေဆာနေဆဲပင်။ တစ်ချိန်တစ်ခါက လန်းဆန်းခဲ့သော ထိုအရာတို့သည် မသိစိတ်အတွင်းနှင့် အသိမှတ်ဉာဏ်အတွင်း အလိုလိုသိမှု ဖြစ်နေခြင်းသည်မှာ မိမိ တစ်ဦးတည်းသာမဟုတ်။ ထိုတစ်ချိန်က ကျောင်းသားအားလုံး၏ ကိုယ်စီစိတ်သ္တာန်တွင် ရှိနေကြသည်ဟု သိရချိန် ပို၍ပို၍ ကျေနပ်ပီတိ ခံစားရမိသည်။ ထိုစွဲမြဲနေသည့် သိမှုဆိုသည်မှာ ပီတိစားအားရှိကြသည့် ဆရာများ၏ ကျေးဇူးတရားပင် ဖြစ်သည်။

 

တက္ကသီလာဆိုသည်မှာ အဆင့်မြင့်ပညာများ လေ့လာသင်ယူ ဆည်းပူးနိုင်သည့် နေရာ။ ထိုထို ထူးခြားမှု ဝိ်သေသများ ပြည့်နေသည့်နေရာသို့ စတင်ခြေချမိချိန်က မိမိအတွက်သူစိမ်းပြင်ပြင်ဟု ဆိုရမည်။ တက္ကသီလာ ကျောင်းတော်ကြီး တက်ရမည်ဆိုတော့ ဝမ်းသာသည်လား ဝမ်းနည်းသည်လားမဆိုနိုင်။ မိဘရင်ခွင်မှ တစ်ခါမှ မခွဲစဖူး။ ထို့အတွက် ဝမ်းနည်းရသည်။ တစ်ဖက်တွင်လည်း တက္ကသိုလ်ကျောင်းတော်ကြီးတွင်ပညာသင်ကြား ရတော့မည်ဆို၍လည်း ထူးခြားစွာ ပျော်မိသည်။ မိဘရင်ခွင်မှသည် ဆရာများ၏ မေတ္တာရင်ခွင်ဆီသို့ ကူးပြောင်းရတော့ အမှတ်တရများ အပြည့်နှင့်။ တက္ကသိုလ်ကျောင်းသားဘဝသည် အထက်တန်းကျောင်းသား တစ်ဦးဘဝနှင့် များစွာကွာခြားလှသည်။ တက္ကသိုလ်ကျောင်းသား ဘဝသည် ပညာရပ်အားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေ၊ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းအားဖြင့်ဖြစ်စေ စသည့်စသည့် နယ်ပယ်များစွာ ကျယ်ပြန့်လွန်းသည်။ ကျယ်ပြောလှသည့် ပညာ့ရပ်ဝန်းကြီးဖြစ်သည်။ ထိုပညာရပ်ဝန်းကြီးကို အောင်မြင်စွာဖြတ်သန်း၍ လက်တွေ့ဘဝများတွင် ကျင်လည်နိုင်ရန် ဆရာများက ပဲ့ကိုင်ပေးနေသည်။

 

ဆရာဟူသည်

တက္ကသိုလ် ကျောင်းသားဘဝ၏ ပထမဆုံးနေ့ဖြစ်သည်။ မှတ်မှတ်ရရ ၁၉၈၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ ကျောင်းတက်ချိန်သည် နံနက် ၈ နာရီတိတိ။ သူငယ်ချင်းလေးယောက် နံနက် ၈ နာရီ ၁၀ မိနစ်မှ စာသင်ခန်းသို့ ဝင်ခဲ့သည်။ သိထားသည်က တက္ကသိုလ်ဆိုသည်မှာ အတန်းကို တက်ချင်လည်းရသည်၊ မတက်ချင်လည်း ရသည်ဟု။ ထိုအသိဖြင့် ကျောင်းချိန် နောက်ကျစွာဖြင့် စာသင်ခန်းတံခါးကိုဖွင့်၍ အတန်းတွင်းသို့ ဝင်လိုက်သည်နှင့်...

 

Why are you late? If you are not punctual, you must change major.

 

အတန်းရှေ့တွင် လက်ချာဝင်နေသည့် ဆရာကြီးထံမှ အင်္ဂလိပ်လို ပြောလိုက်သည်ကို ကြားလိုက်သည်။ သို့သော် ဘာပြောမှန်း နားမလည်။ ဆရာပြောသည့် စကားပင်နားမလည်တာ၊ ပြန်ဖြေရှင်းဖို့ဆိုသည်မှာ ဝေလာဝေး။ တက္ကသိုလ်ကျောင်းကြီး၏ ပထမဆုံးနေ့မှာရသည့် ပထမဆုံး သင်ခန်းစာမှာ ဤသို့ပင်။ ထိုသင်ခန်းစာအား သင်ကြားပေးခဲ့သူမှာ အခြားသူမဟုတ်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ပင် ဖြစ်သည်။ 

 

ထိုဆရာကြီးများ၏ မေတ္တာရိပ်တွင် လေ့လာဆည်းပူးရမည့် တက္ကသီလာဆိုသည်မှာ တမာထနောင်းနဲ့ အညာကျောင်း မန်းတက္ကသိုလ်ဖြစ်သည်။ လေ့လာသင်ယူရမည့် ဘာသာရပ်က နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေး ဘာသာရပ်။ နောက်ပိုင်းတွင် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်အဖြစ် အမည်ပြောင်းခဲ့သည်။ ထိုအချိန်က ယင်းဘာသာရပ်သည် အသစ်ဖွင့်ခါစ။ ၁၉၈၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ဖွင့်စအချိန်က ပထမနှစ်၊ ဒုတိယနှစ် အတန်းများကို ဖားသားလဖုန်း ခေါ် ရတနာဘုမ္မိတွင် တက်ကြရသည်။ အခြားဘာသာရပ်များလည်း ရတနာဘုမ္မိတွင် တက်ရသည်။ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၏ ပထမဆုံး ပါမောက္ခဌာနမှူးမှာ ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့် ဖြစ်သည်။

 

ယင်းအချိန်က ဆရာကြီး ဒေါက်တာခင်မောင်ညွန့်နှင့်အတူ တပည့်များကို တက်ညီလက်ညီဖြင့် ထုဆစ်ပုံဖော်ပေးခဲ့ကြသည့် ဆရာကြီးများမှာ ဦးတင်မောင်ဌေး၊ ဦးအောင်ဝင်း၊ ဦးမောင်မောင်လေး၊ ဦးအောင်မြင်၊ ဦးချစ်ခင်၊ ဦးအက်စ်ဇာပန်းတို့ ဖြစ်ကြသည်။ ဆရာမကြီးများတွင် ဒေါ်လှကြည်၊ ဒေါ်ခင်ထွေးရီ၊ဒေါ် မြမြ၊ ဒေါ်စောခင်ကြီး၊ ဒေါ်ခင်ငြိမ်း၊ ဒေါ်မြင့်မြင့်ခင်တို့ ဖြစ်ကြသည်။ အချို့ဆရာကြီး ဆရာမကြီးများလည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

ဆရာကြီးနှင့်အတူ ဌာနမှ ဆရာကြီး ဆရာမကြီးများသည် တပည့်များအား စေတနာအပြည့်နှင့် သင်ကြားပေးကြသည်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က သူ့တပည့်များအပေါ်မျှော်လင့်ချက်များစွာထားသည်။ ဘာသာရပ်အားဖြင့်ဖြစ်စေ၊ ဘာသာစကား အားဖြင့်ဖြစ်စေ၊ ဟောပြောပို့ချမှုဖြစ်စေ၊ ပြင်ပဗဟုသုတ အားဖြင့်ဖြစ်စေ ဘက်စုံပြည့်ဝစေရန် ဆရာများအားလုံးက အထူးကြိုးပမ်း ခဲ့ကြသည်။ အင်္ဂလိပ်စာ ထူးချွန်စေဖို့ မြန်မာစာ ဘာသာရပ်မှလွဲ၍ ကျန်ဘာသာအားလုံးကို အင်္ဂလိပ်လိုပင် ရှင်းပြသည်။ အင်္ဂလိပ်လို သင်ခန်းစာကို ဆရာများက အင်္ဂလိပ်လို ရှင်းပြသောအခါ ကျွန်တော်တို့မှာ ငိုရခက်၊ ရယ်ရခက်။ ကိုယ့်ဘာသာ သင်ခန်းစာကို နားမလည်ရသည့် အထဲနား ရည်မဝသေးသည့် အင်္ဂလိပ်ဘာသာနဲ့ ထပ်ရှင်းပြသည့် အခါပို၍ ရှုပ်ကုန်တော့သည်။ တပည့်များအား တတ်စေချင်လွန်း၍ ဆရာများက ဇိကုတ်နတ်ပြည်တင်ပေးသည်။ ဆရာများ၏ စေတနာကို နောင်တစ်ချိန်မှ နားလည်ရသည်။

 

ထိုထက်ပိုဆိုးသည့်အဖြစ်များ ရှိသေးသည်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့် လက်ချာချိန်ဆိုပါက ဆရာကြီးကသင်ခန်းစာကို အင်္ဂလိပ်လို ရှင်းပြရင်း ပုံတိုပတ်စ ဗဟုသုတတွေ၊ ဟာသတွေကို အင်္ဂလိပ်လို ပြောပြလေ့ရှိသည်။ ခက်သည်က ရယ်စရာဟာသကို အင်္ဂလိပ်လိုပြောသည့်အခါ ဆရာကြီးပြောပြီးသည်အထိ ကျွန်တော်တို့က ဘယ်စကားနားလည်လို့ ဘယ်လိုရယ်ရမှန်းမသိ။ ဘေးလူကိုကြည့်တော့လည်း သူက ကိုယ့်ပြန်ကြည့်နဲ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကြည့်တော့မှ ရယ်ရသည်။ ဆရာကြီးပြောသည့် ရယ်စရာကို နားလည်၍ မဟုတ်။ နားမလည်သူ အချင်းချင်းကြည့်၍ ရယ်ရခြင်း ဖြစ်သည်။

 

အမှန်တော့ ဆရာကြီး ဆရာမကြီးများက တပည့်များကို ရေကူးတတ်စေချင်လို့ ရေထဲဆွဲချနေခြင်း ဖြစ်သည်။ ရေထဲမဆင်းဘဲနှင့် ရေကူး မတတ်သည်မှာ သေချာသည်။

 

ပညာပြည့်ဝ နှလုံးလှဆရာများ

ဆရာများသည် စာပေသင်ကြားရေးမှ အနားယူကြသည် ဆိုသော်လည်း တပည့်ဖြစ်သူများနှင့် တွေ့သည့်အခါ ယခင်ကကဲ့သို့ စိတ်ဓာတ်များ တကြွ်ကနေသည်ကို ကိုယ်တိုင်တွေ့ရသည့်အခါ လွန်စွာအံ့ဩရသည်။ လွန်ခဲ့သည့် နှစ်နှစ်က ဆရာကန်တော့ပွဲတွင် ဆရာကြီး ဒေါက်တာခင်မောင်ညွန့် အပါအဝင်ဆရာများနှင့် ပြန်ဆုံခဲ့ရသည်။ ဆရာများ၏ စိတ်အားတက်ကြွမှု၊ အတွေးအခေါ်များ လန်းဆန်းနေမှုမှာ အတုယူရန်ပင် ခက်ခဲလှပါသည်။ ယူ၍ မကုန်နိုင်သည့် ပညာများ၊ စံပြုရမည့် နှလုံးသားလှလွန်းသည့် ဆရာများဟု စိတ်တွင်းမှ မှတ်ချက်ပြုမိသည်။ ဆရာများအား ကန်တော့ပြီး၍ ဆရာများအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်စဉ် ဆရာကြီး ဦးမောင်မောင်လေးအား စကားစမိသည်။

 

“ဆရာကြီးခင်ဗျား မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှု အလားအလာကို ဆရာကြီးနဲ့ ပြောချင်လိုက်တာ”လို့ ကျွန်တော်က ပြောမိသည့်အခါ ဆရာကြီးက ...

 

“အေးလေ လာခဲ့လိုက်။ ဘာအနှောင်အဖွဲ့မှမပါဘဲ သီအိုရီသဘောနဲ့ လက်တွေ့အခြေအနေတွေကို အကုန်ဆွေးနွေးမယ်... မင်းလာမယ့်အချိန် လှမ်းပြောလိုက် ဆရာစောင့်နေမယ်”

 

ဆရာကြီး၏စကားကို ကြားမိသည့်အခါ လွန်စွာမှင်တက်မိသည်။ ဆရာကြီး ဆရာမကြီးများ၏ ပညာရည်ပြည့်ဝမှုနှင့် စိတ်ဓာတ်မှာ ခြွင်းချက်မရှိ လှပေတကား။ ဆရာများ၏ စေတနာသည် အချိန်ကန့်သတ်ချက်၊ နေရာကန့်သတ်ချက်၊ အခြေအနေ ကန့်သတ်ချက်မရှိ တကြွ်ကဆဲဟု ဆိုရမည်။ ဆရာကြီး ဆရာမကြီးများနှင့် တွေ့ဆုံရလေတိုင်း အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုတိုးတက်ရသည်။ တပည့်ဖြစ်သည့် ကျွန်တော်တို့အတွက် အတုယူရန် စံပြနမူနာကောင်းများသည် ဝေးလံသော နေရာတွင်မဟုတ်။ လက်တစ်ကမ်းတွင် ရှိနေသည်။ နီးလျက်နှင့် မဝေးကြရန်သာ လိုပေလိမ့်မည်။

 

ဆရာကန်တော့ပွဲတွင် ဆရာများနှင့် တပည့်များ ဆုံရ သည့်အခါ ဝမ်းသာကြည်နူးရသလို ကွယ်လွန်သွားသော ဆရာကြီး ဆရာမကြီးများကိုလည်း အထူးသတိရမိသည်။ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီး ဦးအောင်မြင်မှာကျွန်တော်တို့ နားမလည်သောစာများကို အိမ်သွားမေးပါကဆရာကြီးက စာရှင်းပြပေးသည်။ ဆရာကြီး၏ဇနီးက မုန့်ကျွေးသည်။ ကျွန်တော်တို့မှာ နယ်မှကျောင်းသားဖြစ်သည့်အတွက် အားနာနာနှင့် ဆရာကြီး၏ဇနီး ကျွေးသည့်မုန့် အကုန်စားသည်။ စာလည်းရ၊ ဗိုက်လည်းဝ။ အဆင်ပြေလှသည်။ ဤသို့သောဆရာများ၏ စေတနာ၊ မေတ္တာကို မေ့ပျောက်ရန် ခက်ခဲလွန်းလှသည်။

 

ဆရာကြီး ဆရာမကြီးများ ဌာနမှ အနားယူသွားကြသော်လည်း တပည့်များမှာ ဆရာများ သင်ကြားပေးခဲ့သည့် ပညာများ၊ အတွေးအခေါ်များ၊ ရည်မှန်းချက်များဖြင့် ကျရာတာဝန်များကို ဆက်လက်လျှောက်လှမ်းနေကြလေပြီ။ ဆရာကောင်းတပည့် ပီသစွာ တပည့်များ၏ ကြိုးစားအားထုတ်မှုများဖြင့် ဆရာများ၏ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေလိုသည်၊ ဆရာများ၏ မျှော်လင့်ချက်များ ရှင်သန်စေလိုလှသည်။ ထိုအချိန် ထိုအခါတွင် ဆရာများ၏ ပီတိအပြုံး၊ ပီတိစကား၊ ပီတိမျက်နှာတို့သည် တပည့်များအတွက် ကြီးစွာသော အနာဂတ်ခွန်အားများ ဖြစ်စေမည်မှာ အမှန်ပင်။

 

မျိုးစေ့မှသည် အသီးအပွင့်သို့

ဘဝ၏အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် တက္ကသိုလ်ဆိုသည်မှာ အဘယ်နည်း။ ဆရာဟူသည် အဘယ်နည်း။ ပညာဟူသည် အဘယ်နည်း။ တက္ကသိုလ်ကျောင်းသားဟူသည် အဘယ်နည်းဆိုသည့် မေးခွန်းများ၏ အနက်ကို ဖွင့်ဆိုရန်မှာ ကျယ်ပြန့်လှပါ သည်။ တစ်ခါတစ်ရံ အနက်အဓိပ္ပာယ်ကို သိသော်လည်း လက်တွေ့ဘဝနှင့် ယှဉ်တွဲမစဉ်းစားမိတတ်။ ထိုအနက် ဆိုလိုရင်းများကို သိနိုင်ခဲ့၊ ပေါင်းစည်းနိုင်ခဲ့၊ လိုက်နာနိုင်ခဲ့မည် ဆိုပါက ပညာရေး၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် ပညာပြည့်ဝ နှလုံးလှသူများ၊ စဉ်ဆက်မပြတ် လေ့လာသူများ ဖြစ်လာမည်မှာသေချာပါသည်။ တက္ကသိုလ်ကျောင်းသားဘဝ အချိန်ကာလသည် လူတစ်ဦးသက်တမ်းနှင့် နှိုင်းယှဉ်လျှင် အစိတ်အပိုင်းတစ်ခုမျှသာ။ အချိန်အားဖြင့် ဘဝအစိတ်အပိုင်း တစ်ရပ်သာ ဖြစ်သော်လည်း ဘဝအပေါ် အကျိုးသက်ရောက်မှု၊ ဘဝရှေ့ရေးလျှောက်လှမ်းမှုတွင် အစိတ်အပိုင်းကြီးစွာ ပါဝင်နေသည်။ပစ္စုပ္ပန်တွင် အရေးပါ နေသလို အနာဂတ် လျှောက်လှမ်းရမည့် ဘဝလှေကားထစ်တိုင်းအတွက်လည်း ဆက်လက်အရေးပါနေမည် ဖြစ်သည်။ ထိုမျိုးစေ့တို့ကို မည်ကဲ့သို့ ပြုစုပျိုးထောင်ကြမည်နည်း။

 

ပညာမျိုးစေ့များ ရှင်သန်ကြီးထွားလာစေရေးတွင် မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ လူ့အသိုင်းအဝိုင်းအတွက် ဖြစ်စေ အရေးပါလှသည့် တက္ကသိုလ်ကျောင်းသား ဘဝများ၏ ပဲ့ကိုင်ရှင်ဆရာများ၏ ကဏ္ဍမှာ ပို၍ပင် အရေးပါနေပါသည်။ ကျယ်ပြန့်လွန်း၊ နက်နဲလွန်းသည့် ပညာရပ်များ၊ အတွေးအခေါ်များ၊ နည်းနာများကို လေ့လာဆည်းပူးရန် ဆိုသည်မှာ မြတ်စွာဘုရားရှင်မှလွဲ၍ ကျန်ပုထုဇဉ် လူသားအားလုံးသည် လမ်းညွှန်သင်ကြားပြသသူ ရှိရန်လိုအပ်ပေသည်။ ထိုလမ်းညွှန်ပြသသူများမှာ ဆရာများပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာမျိုးစေ့များကို ရှင်သန်စေ၊ ကြီးထွားစေ၊ သီးပွင့်စေသူများဟု တင်စားနိုင်ပါသည်။ မိမိတို့၏ ဆရာများသည်လည်း တပည့်များ၏ ပညာမျိုးစေ့ ရှင်သန်စေရေး အပင်ပန်းခံ ခဲ့ကြသည်မှာ ယနေ့အထိ အမှတ်ရနေဆဲဖြစ်သည်။

 

မှတ်မိသလောက် ဆရာကြီး ဦးအောင်ဝင်း၊ ဆရာမကြီး ဒေါ်ခင်ထွေးရီ၊ ဆရာမကြီး ဒေါ်မြမြတို့မှာ တပည့်များကိုသင်ကြားရာတွင် အပင်ပန်းခံသည်။ အားကြိုးမာန်တက် ရှင်းပြသည်။ အင်္ဂလိပ်လိုရှင်းပြခြင်းဖြစ်၍ တပည့်များ နားလည်အောင် အထပ်ထပ် ရှင်းပြရသည်ကို ယခုချိန် ပြန်လည်တွေးမိသည့်အခါ ဆရာကြီး ဆရာမကြီးများကို ကိုယ်ချင်းစာမိသည်။ တစ်ခါတစ်ရံ အထပ်ထပ်ရှင်းပြရ၍ ဆရာများမှာ အသံပင်ဝင်သွားတတ်သည်။

 

တက္ကသိုလ်ကျောင်းသားဘဝတွင် အဆင့်မြင့်ပညာရပ်များကို သင်ကြားပေးရုံမက ဘဝတစ်သက်တာ ပညာဆည်းပူးနိုင်သည့် အလေ့အကျင့် မျိုးစေ့များကို ဆရာများက ပြုစုပျိုးထောင်ပေးခဲ့ကြသည်။ တပည့်ဖြစ်သည့် ကျွန်တော်တို့တစ်တွေကရော ပညာမျိုးစေ့များ ရှင်သန်ကြီးထွားရန ်မည်သည့်အတိုင်းအတာ၊ မည်သည့်ပမာဏအထိ လိုက်နာနိုင်ခဲ့ကြပါသနည်း။ ထိုမေးခွန်းကို ဖြေဆိုရန်မှာ လွယ်ကူသည်တော့မဟုတ်။ ပြည့်စုံသော အဖြေတစ်ရပ် ရရှိရန်အတွက် မိမိကိုယ်မိမိ ပြင်ဆင်ရန်၊ ဖြည့်တင်းရန်များ ရှိနေသေးသည်ဟုသုံးသပ်မိသည်။ ဆရာများခင်းခဲ့သော လမ်းများပေါ် ဆက်လက်လျှောက်လှမ်းနိုင်၊ ကိုယ်တိုင်လည်း လမ်းသစ်ဖောက်လုပ်နိုင်ကြမှသာ အားလုံးမျှော်လင့်ခဲ့ကြ၊ မျှော်လင့်နေကြသည့် မျိုးဆက်သစ်များ၏ အနာဂတ် အသီးအပွင့်တို့ လှပမည်ဟု ယုံကြည်ပါသည်။

 

ပီတိစား ဆရာများသို့ ဂါရဝ

တစ်ချိန်က ဆရာများသည် မိမိတို့အား ပညာစွမ်းအား၊ စိတ်ဓာတ်ခွန်အားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ထို့အတူ ဆရာများ၏ လက်ဆင့်ကမ်းအမွေများကို နောင်မျိုးဆက်သစ် အဆက်ဆက်တို့ကလည်း ဆက်လက် လျှောက်လှမ်းနေကြပေပြီ။ ဆရာကြီး ဆရာမကြီးများ အနားယူသွားကြသော်လည်း ဆရာများ၏ မေတ္တာ၊ စေတနာများက မိမိတို့၏ စိတ်သ္တာန်တွင် ရှင်သန်နေဆဲဖြစ်သည်။ ဆရာများသည် လူအိုသော်လည်း ပညာမအိုသေး၊ မေတ္တာ စေတနာ မအိုသေးချေ။ ထိုရှင်သန်မှုများနှင့် မျိုးဆက်သစ်တို့၏ အနာဂတ်ကို ပုံဖော်လိုပါသည်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့် ပြောသည့် စကားကို အမှတ်ရနေဆဲဖြစ်သည်။

 

“တပည့်တို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြပါ၊ ကျောင်းပြီးချိန်မှာ လည်း အတွဲကိုယ်စီရအောင် ကြိုးစားကြပါ” လို့ ဟာသနှော မှာပါတယ်။ 

 

မကြာမီ မ္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာန၏ ဆရာကန်တော့ပွဲ ကျင်းပပါတော့မည်။ ဆရာကြီး၊ ဆရာမကြီးများကို တွေ့ဆုံဂါရဝ ပြုရပါတော့မည်။ ထိုဆရာကန်တော့ပွဲတွင် ဆရာကြီး ဆရာမကြီးတို့၏ ပီတိမျက်နှာများတွင် တပည့်များအပေါ် မျှော်လင့်ချက်များလည်း တွေ့မြင်ကြရပေမည်။ ပြန်လည်ဆုံတွေ့ချိန်တွင် ဆရာကြီး ဆရာမကြီးများကို ကြည်နူးပီတိ ဖြစ်စေလိုသည်မှာ တပည့်များ၏ စေတနာအမှန်ပင် ဖြစ်ပါသည်။ သို့အတွက် ဆရာများ၏ ဂုဏ်ကျေးဇူးကို ဤဆောင်းပါးဖြင့် ဂါရဝပြုလိုက်ရပါသည်။     ။