ပြီးခဲ့သည့်လက မီးလောင်ကျွမ်းသွားသော ဂျပန်နိုင်ငံ၏ သမိုင်းဝင်ရှေးဟောင်းရဲတိုက်အား ပြန်လည် တည်ဆောက်မည်

၂၉ နိုဝင်ဘာ

 

ပြီးခဲ့သည့်လကုန်ပိုင်းက မီးလောင်ကျွမ်းသွားခဲ့သော သမိုင်းဝင်ယဉ်ကျေးမှု အဆောက်အဉီဖြစ်သည့် ရှူရီရဲတိုက်အား ပြန်လည်တည်ဆောက်ရန်အတွက် ဂျပန်အစိုးရသည် ကျွမ်းကျင်ပညာရှင်များနှင့် ‌မျက်နှာစုံညီ ဆွေးနွေးတိုင်ပင်ရန် စီစဉ်လျက်ရှိသည်။

 

အဆိုပါမီးလောင်မှုသည် သမိုင်းဝင်ယဉ်ကျေးမှုဖြစ်သည့် ပင်မအဆောက်အဉီကို ဝါးမြိုသွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက လျှပ်စစ်ချို့ယွင်းမှုတစ်ခုခုကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ယူဆကြသည်။

 

ရှေးဟောင်းရဲတိုက်အား မူလအတိုင်း ပြန်လည်ပုံဖော်ရေးလုပ်ငန်းတွင် ပါဝင်မည့် ကျွမ်းကျင်သူများသည် အဆိုပါအစည်းအဝေးတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာ အစရှိသော နယ်ပယ်ခြောက်ခုမှ ကျွမ်းကျင်ပညာရှင် ၁၀ ဉီး ပါဝင်မည်ဖြစ်ပြီး ၎င်းတို့က အနီရောင်ခေါင်မိုးများနှင့် ပရိဘောဂအဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ချက်များကို ဝေဖန်ထောက်ပြသွားမည်ဖြစ်သည်။

 

ယခင်က ရဲတိုက်ပြန်လည်ပြင်ဆင်မွမ်းမံရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် University of the Ryukyus မှ Professor Emeritus Kurayoshi Takara ပါဝင်မည်ဖြစ်သည်။ အိုကီနာဝါ စီရင်စုအစိုးရက အဆိုပါပြန်လည်တည်ဆောက်ရေး စီမံကိန်းတွင် အိုကီနာဝါပြည်သူများ၏ ထင်မြင်ချက်များကို ထည့်သွင်းစဉ်းစားရန်လည်း လုပ်ဆောင်လျက်ရှိသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်