ဖြူစင်မှန်ကန်စွာဖြင့် ညီညီညွတ်ညွတ်ကြိုးပမ်း

နေပြည်တော် ၅ ဇန်နဝါရီ


“နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းလုံခြုံစွာ ဥမကွဲသိုက်မပျက် နေထိုင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် လည်းကောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းဒေသကြီး၊ ပြည်နယ် မခွဲခြားဘဲဒီမိုကရေစီအသီးအပွင့်များ ခံစားစံစားနိုင်ကြစေရန် လည်းကောင်း၊ မိမိတို့၏ လိုအင်ဆန္ဒများ ပြည့်ဝစေရေးအတွက် စိတ်ရောကိုယ်ပါ ညီညွတ်ကြလျက် ဖြူစင်သောစိတ်ထား၊ မှန်ကန်သောစေတနာတို့ဖြင့် ကြိုးပမ်းအားထုတ်ကြပါ”ဟု (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
မျက်မှောက်ကာလ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသောအချိန်အခါ၌ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်စေရန်သာမက နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုသားအားလုံး စိတ်ရောကိုယ်ပါ ညီညွတ်ကြလျက် ဖြူစင်သောစိတ်ထား၊ မှန်ကန်သော စေတနာတို့ဖြင့် ကြိုးပမ်းအားထုတ်ကြရန် နိုင်ငံတော်သမ္မတ၏ရင်းနှီးချစ်ခင်စွာ တိုက်တွန်းမှုကို အလေးအနက်ထားရမည် ဖြစ်သည်။


လွတ်လပ်သော မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် ကြိုးပမ်းတည်ဆောက်ရာတွင်စိတ်ရောကိုယ်ပါ ညီညွတ်ကြလျက် ဖြူစင်သောစိတ်ထား၊ မှန်ကန်သောစေတနာတို့မှာ အထူးလိုအပ်နေသည်။ ထို့ကြောင့် ယင်းကို အခါအခွင့်သင့်တိုင်း တိုက်တွန်းကြရသည်။ ယခုအခါ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများ ကျင်းပနေပြီး တတိယအစည်းအဝေးအထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။


(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင် ဒီမိုကရေစီကျင့်စဉ်များ၊ဖက်ဒရယ်အခြေခံမူများ၊ သဘောတူညီမှုများ ရရှိထားပြီးဖြစ်သည်။ရှေ့ဆက်၍ ငြိမ်းချမ်းရေးပန်းတိုင်၊ ဒီမိုကရေစီပန်းတိုင်သို့ တက်လှမ်းနိုင်ရေးအတွက် ဖြူစင်သောစိတ်ထား၊ မှန်ကန်သောစေတနာတို့ဖြင့်ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ပြည်သူများ မျှော်လင့်သည့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည် ဖြစ်သည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် အဓိကလိုအပ်ချက်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုပင်ဖြစ်သည်။ တစ်ဦးအပေါ် တစ်ဦး ဗိုလ်ကျခြင်း၊တရားမျှတမှုမရှိခြင်းဟူသည့်စိတ်များ အလျှင်းပယ်ဖျောက်ရန်အတွက်စေတနာမေတ္တာများ၊ သည်းခံခြင်းတရားများဖြင့် ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ကြရမည် ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ်များကင်းစင်ကာ ခိုင်မာသည့် ယုံကြည်ချက်ဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည် ဖြစ်သည်။ ယင်းမှတစ်ဆင့်တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့်ဒီမိုကရေစီကျင့်စဉ်နှင့် ဖက်ဒရယ်မူများနှင့်အညီ မိမိတို့နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော်သမ္မတက ရင်းနှီးချစ်ကြည်စွာ သဝဏ်လွှာပါးတိုက်တွန်းထားသည်နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးအဖြစ် ဝင့်ကြွားထည်ဝါစွာ ထာဝစဉ်တည်တံ့နိုင်ရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စုပေါင်းအင်အားဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။ ။


ကြေးမုံ