ဖွံ့ဖြိုးတိုးတက်မှုအမြင်နှင့် အလှမ်းဝေးနေသော လူကုန်ကူးမှုဆိုင်ရာ ထုတ်ပြန်ချက်

မိုးမြင့် 

ကမ္ဘာလုံးဆိုင်ရာ အချို့ကိစ္စရပ်များဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာဆို ပူးပေါင်းဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ မပူးပေါင်းလို့မရပါဘူး။ ဒီအချက်ကို မျက်ကွယ်ပြုပြီး ပူးပေါင်းဆောင်ရွက်ရမယ့်အစား ပိတ်ဆို့ဖို့၊ ဖြတ်တောက်ဖို့၊ တားဆီးဖို့ချည်းပဲ လုပ်နေမယ်ဆိုရင် ထိုအရေး၊ ထိုပြဿနာဟာ အောင်မြင်မှုရဲ့ ပြောင်းပြန်ရလဒ်တွေကိုသာ ရရှိတတ်ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးအရေးဟာ တစ်နိုင်ငံတည်းမက နိုင်ငံအားလုံးနဲ့ ဆက်စပ်နေတဲ့ကိစ္စပါ။ အနည်းဆုံးတော့ လူတွေစထွက်ခွာရာ မူရင်းနိုင်ငံနဲ့ ဖြတ်သန်းရာနိုင်ငံတွေ၊ နောက်ဆုံး သူတို့အလုပ်လုပ်မယ့် ဆိုက်ရောက်နိုင်ငံတွေဆိုပြီး ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေရှိကြပါတယ်။ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှ အဖြေထွက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

နားလည်မှုပေးသင့် 

လူကုန်ကူးမှုကိစ္စ ဖြေရှင်းမယ်ဆိုရင် ဟန်ချက်ညီရပါတယ်၊ မျှတရပါမယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ နိုင်ငံရေးပဋိပက္ခတွေနဲ့ လူမျိုးရေးပဋိပက္ခတွေရှိနေတဲ့ နိုင်ငံတွေအပေါ်မှာ ဘက်မလိုက်ဘဲ နိုင်ငံကြီးတွေအနေနဲ့ ပိုပြီးညီမျှတဲ့ အနေအထားမျိုး ထားရှိဖို့သင့်ပါတယ်။ ယခုလို ကိုဗစ်ကပ်ကို ရင်ဆိုင်နေရချိန်၊ စစ်ပွဲနဲ့ သဘာဝဘေးဒဏ်တွေ သင့်နေချိန်မှာ ချမ်းသာတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေအပေါ်မှာ ပို၍ စာနာထောက်ထား နားလည်မှုပေးသင့်တယ်လို့ ယူဆပါတယ်။ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့အခြေအနေရှိနေခိုက်မှာ နိုင်ငံအတော်များများမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအစီအစဉ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြပေမယ့် ရည်မှန်းချက်မရောက် တစ်ခါတစ်ရံ ထိုက်သင့်သလောက် အောင်မြင်မှုမရနိုင်ဘဲ အခက်အခဲတွေရှိနိုင်တယ်ဆိုတာ နားလည်မှုပေးနိုင်ရပါမယ်။ 

ဘက်လိုက်မှုရှိနိုင်တဲ့ထုတ်ပြန်ချက်
 
မြန်မာနိုင်ငံလည်း ထို့အတူပါပဲ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စမှာ အမေရိကန်ရဲ့ မလိုတစ်မျိုး၊ လိုတစ်မျိုးအနေအထားကို ယခင်ကလိုပဲ ရင်ဆိုင်ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီး အမေရိ ကန် လွှတ်တော်က ၂၀၀၀ ပြည့်နှစ်ကတည်းက သူတို့ စံနှုန်းနဲ့သူတို့ပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံးစံနှုန်းအတိုင်း သို့မဟုတ် စံနှုန်းတွေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းအားထုတ်မှုမှာ မြန်မာနိုင်ငံဘက်ကအားနည်းတယ်ဆိုပြီး ကြိုးပမ်းအားထုတ်မှု အားအနည်းဆုံးနိုင်ငံတွေစာရင်း TIER (3) မှာ ထည့်သွင်းထားလိုက်ပါတယ်။ ယခင်နှစ်တွေအတိုင်းပါပဲ၊ မြန်မာနဲ့ပတ်သက်တဲ့ အစီရင်ခံစာ သတ်မှတ်ချက်မှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ 
ဒါဟာ အမေရိကန်တို့ လုပ်နေကျ ဘက်လိုက်ခွဲခြားမှုတွေထဲက တစ်ခုဆိုတာထက် မပိုပါဘူး။ သူ့ကိုထောက်ခံတဲ့နိုင်ငံ၊ အကျိုးပြုတဲ့နိုင်ငံ၊ မဟာမိတ်နိုင်ငံဆိုလျှင် ဘယ်လို လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ အားနည်းချက်တွေရှိနေပါစေ၊ ဘယ်လိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပါစေ လျစ်လျူရှုခံရတဲ့အပြင် အမေရိကန်ရဲ့ မျက်နှာသာပေးမှုလည်း ခံရပြီး TIER (3) စာရင်းထဲမှာ ပါဝင်တာလည်း မတွေ့ရပါဘူး။ ထုံးစံအတိုင်း အီရန်၊ ဂီနီယာ၊ တရုတ်၊ အာဖဂန်နစ္စတန်စတဲ့ အမေရိကန်မလိုလားတဲ့ နိုင်ငံတွေကတော့ ဒီစာရင်းမှာ ထည့်သွင်းထားခြင်း ခံရပါတယ်။ ဒီလိုစာရင်းသွင်းခံရတဲ့နိုင်ငံတွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ ကုန်သွယ်ရေးမဟုတ်တဲ့ အကူအညီတွေ၊ အခြား အကူအညီတွေကို အမေရိကန်ဆီက ရနိုင်တော့မှာ မဟုတ်ပါဘူး။ 

ခေတ်သစ်ကျွန်လူကုန်ကူးမှုကို ဘယ်နိုင်ငံကမှ လက်မခံပါ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မြန်မာအပါအဝင် အထက်ပါနိုင်ငံတွေအနေနဲ့ လူကုန်ကူးခြင်းဆိုတာ လုပ်အားကို ခေါင်းပုံဖြတ်တဲ့လုပ်ငန်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရပြီး ဘဝရပ်တည်ဖို့ ခက်ခဲတဲ့ သူတွေကို ပိုပြီးပစ်မှတ်ထားခံရတဲ့ မကောင်းမှု ဒုစရိုက်လုပ်ငန်းတစ်ခုဆိုတာ သိရှိပြီးသားပါ။ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတာနဲ့အမျှ လူကုန်ကူးမှု ပြဿနာတွေကို ပိုပြီးခံစားကြရတယ်ဆိုတာကိုလည်း အားလုံးထက်ပိုသိပါတယ်။ အမျိုးသမီးနဲ့ ကလေး သူငယ်တွေဟာ အဓိကသားကောင်တွေ ဖြစ်ကြရပါတယ်။ 

အဓမ္မထိမ်းမြားခံရပြီး အဓမ္မပြည့်တန်ဆာ လုပ်ခိုင်းခြင်းခံကြရတယ်။ ကြွေးမြီ အတင်ခံရတယ်။ ကလေးသူငယ်ပါမချန် လူကုန်ကူးခံရတဲ့အထိ ကျေးကျွန်စနစ်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ လူလူချင်းအမြတ်ထုတ်ခံရတဲ့ မကောင်းမှုလုပ်ငန်းမျိုးဖြစ်လို့ မြန်မာနိုင်ငံအပါအဝင် ဘယ်လိုအစိုးရ၊ ဘယ်လိုယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမျိုးကမှ လက်ခံလို့မရဘူးဆိုတာ နားလည်သဘောပေါက်သင့်ပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ကြည့်မယ်ဆိုရင် ပြည်တွင်းရေးအခြေအနေတွေကို အခွင့်ကောင်း ယူပြီး ပြည်ပနိုင်ငံတွေရဲ့ ဆွဲဆောင်မှုတွေပါနေတာ တွေ့ရပါလိမ့်မယ်။ ပြည်ပမှာ အလုပ်အကိုင်သစ် ရှာဖွေလိုတဲ့ လူငယ်တွေကို ဈေးကွက်လိုအပ်ချက်အရ စည်းရုံးသိမ်းသွင်းမှုတွေရှိနေတာကြောင့် ပြည်ပထွက်ခွာ၊ ပြည်ပလူကုန်ကူးမှု အရေအတွက် ဟာ ပြည်တွင်းလူကုန်ကူးမှုထက် လေးဆလောက် ပိုများနေပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်ကတော့ ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိပါတယ်။ 

ပွဲစားတွေရဲ့ ပစ်မှတ်ထားခံရတဲ့ အဓိက သားကောင်တွေပါ။ မိန်းကလေးငယ်တွေ အဓမ္မ ထိမ်းမြားခံရ၊ အငှားကိုယ်ဝန်ဆောင်ကြရ၊ လုပ်အားခေါင်းပုံဖြတ်ခံရ၊ ကြွေးမြီနှောင်ဖွဲ့ခံရ၊ မွေးစားခံရ၊ အလွဲသုံးစားလုပ်ခံရ၊ ခြိမ်းခြောက်ခံရ စသဖြင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ဘယ်လိုလူ့အဖွဲ့ အစည်းကမှ လျစ်လျူရှုထားမယ်မထင်ပါဘူး။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအနေနဲ့တော့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားတဲ့ လူမျိုးများပီပီ မေတ္တာ၊ ကရုဏာနဲ့ လူကုန်ကူးမှုကို အရေးယူတားဆီးတိုက်ဖျက်တဲ့ နေရာမှာ ကျရာကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက် ပေးနေတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုသင့်ပါတယ်။ 

အမျိုးသားရေးတာဝန်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နေ
 
ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသားရေးတာဝန် တစ်ခုနှယ်သတ်မှတ်ပြီး ငါးနှစ်စီမံကိန်းနဲ့ မဟာဗျူဟာသုံးရပ်၊ နည်းဗျူဟာလေးရပ်ချမှတ်ပြီး တိုက်ဖျက်ခဲ့ကြပါတယ်။ လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးနဲ့ဆက်နွှယ်တဲ့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာ ဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း UNTOC နဲ့ နောက်ဆက်တွဲစာချုပ်တွေဖြစ်တဲ့ အမျိုးသမီးနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှုနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ်နဲ့ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာ စာချုပ်တွေမှာ ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ကတည်းက ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသတွင်း လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ယန္တရားတွေမှာလည်း တိုးမြှင့်ပါဝင်ဆောင်ရွက်တဲ့အနေနဲ့ မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံ ပူးပေါင်းလူကုန်ကူးမှု၊ ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်းမှာလည်း မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်နေပါတယ်။ တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ နိုင်ငံအသီးသီးနဲ့လည်း MoU လက်မှတ်ရေးထိုးထားပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘူတန်နိုင်ငံတွေနဲ့လည်း ၂၀၀၄ ခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အာဆီယံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအောက်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြလိုပါတယ်။ 

ပြင်ဆင်ခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ ဥပဒေအသစ်ပြဋ္ဌာန်းချက်များ 

မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်ကတည်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ လူကုန်ကူးမှုပုံစံတွေမှာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ အွန်လိုင်းနဲ့ အီလက်ထရွန်နစ်နည်းပညာတွေ အသုံးပြုပြီး လူစုပြီး လူကုန်ကူးလာကြပါတယ်။ အခုလို ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေမှာ ခေတ်စနစ်နဲ့အညီဖြစ်စေဖို့ မူလဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ အကြောင်းဖန်လာပါတယ်။ 

ဒါကြောင့်လည်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အမည်သစ်နဲ့ ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြန်ပါတယ်။ ဥပဒေအဟောင်းနဲ့အသစ်ကြား ကွာခြားချက်ကို ပြန်ကြည့်ရင် မြန်မာနိုင်ငံအစိုးရအနေနဲ့ လူကုန်ကူးမှုအပေါ် ပိုပြီးအာရုံစိုက် တွန်းအားပေး အားထုတ်ဆောင်ရွက်လိုစိတ်ကို တွေ့မြင်ရပါတယ်။ 

လူကုန်ကူးမှုမှာ ကာကွယ်ရေးအသွင်မှ တားဆီးနှိမ်နင်းရေးအသွင်သို့ တိုးမြှင့်လာခဲ့ပါပြီ။ အွန်လိုင်းအသုံးပြု ကျူးလွန်သူတွေအတွက် ထိရောက်တဲ့ပြစ်ဒဏ်တွေပေးဖို့ ထည့်သွင်းပြင်ဆင် လာခဲ့ပါပြီ။ ဥပဒေအဟောင်းမှာ လူကုန်ကူးခံရသူတွေကိုပဲ အကာအကွယ်ပေးနိုင်တဲ့ အနေအထားရှိခဲ့တဲ့အတွက် သက်သေတွေကိုပါ အကာအကွယ် ပေးနိုင်ဖို့အထိ ရည်ရွယ်တဲ့ အသစ်ထည့်သွင်း ပြဋ္ဌာန်းချက်တွေ ပါဝင်လာတာကိုလည်း လေ့လာ မိပါတယ်။ 

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဗဟိုအဖွဲ့နှင့် ဆက်စပ်ဥပဒေများ 

တစ်ဆက်တည်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ လေးဦး၊ အဖွဲ့ဝင် ၂၀ အထိ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပါတယ်။ ဗဟိုအဖွဲ့အနေနဲ့ ယခင်ဆောင်ရွက် ချက်တွေအပေါ်မှာ ပိုပြီးဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမျိုးနဲ့ လုပ်ပိုင်ခွင့်အခွင့်အလမ်းတွေ ရရှိလာတော့မယ်လို့ ယူဆရပါတယ်။ 

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဥပဒေရှိသလို ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့တဲ့ ဆက်နွှယ်ဥပဒေတွေလည်း ရှိပြီးဖြစ်ပါတယ်။ ရာဇသတ်ကြီး၊ လူဝင်မှုကြီးကြပ်ရေး (၁၉၄၇)၊ အဂတိလိုက်စားမှုတားမြစ်ရေး (၁၉၄၈)၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး (၁၉၄၉)၊ ကလေးသူငယ် (၁၉၉၃)၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ (၁၉၉၉)၊ တရားမဝင်နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး (၂၀၂၂)၊ ကိုယ်အင်္ဂါအစိတ် အပိုင်းဆိုင်ရာ (၂၀၀၄)၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံအချင်းချင်းအကူအညီပေးရေး (၂၀၀၄)၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ (၂၀၁၉) စသဖြင့် ဆက်နွှယ်ဥပဒေတွေနဲ့လည်း လူကုန်ကူးမှု ကျူးလွန်သူတွေကို အရေးယူလျက်ရှိပါတယ်။ 

အသိပညာပေး၊ ထူထောင်ပေးမှုများ 

လက်ရှိဆောင်ရွက်ချက်တွေကို လေ့လာကြည့်ရင် ပြည်သူလူထုကို ရုပ်မြင်သံကြားက တစ်ဆင့် သီချင်းဇာတ်လမ်းတွေ၊ လက်ကမ်းစာစောင်တွေ၊ ပညာပေးဆိုင်းဘုတ်တွေ၊ မိုဘိုင်းဖုန်း အော်ပရေတာတွေကတစ်ဆင့် SMS တွေ၊ ကျောင်းသင်ခန်းစာတွေမှာ လူကုန်ကူးခံရပုံနည်းလမ်းတွေ၊ ကာကွယ်မှုနည်းလမ်းတွေ၊ အသိပေးသတင်းပို့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ထည့်သွင်းပို့ချခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ 

လူကုန်ကူးခံရသူတွေကို အချိန်မီကယ်တင်နိုင်ဖို့ Hot line တွေထားရှိပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့တွေမှာရှိတဲ့ Hot line တွေကတစ်ဆင့် ၂၄ နာရီ သတင်းပေးတိုင်ကြားမှုတွေအပေါ် အချိန်မီ ဖော်ထုတ်အရေးယူ ကယ်တင်ပေးလျက် ရှိနေပါတယ်။ လူကုန်ကူးခံရဖို့ ဖြစ်နိုင်ခြေတွေရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လည်း သတင်းအချက်အလက်တွေ မျှဝေအသိပေး၊ ပညာပေးနိုင်ဖို့ ထောက်ပံ့ကူညီရေးဌာနတွေကို ဖွင့်လှစ်ထားရှိပါတယ်။ 

လူကုန်ကူးခံရသူတွေဟာ မူလပုံမှန်ဘဝမှာ ပြန်လည်ရပ်တည်ဖို့ စိုးရွံ့တတ်ကြပါတယ်။ မိသားစုနဲ့ပြန်လည်ပေါင်းစည်းဖို့၊ လူ့အဖွဲ့အစည်းထဲပြန်လည် ဝင်ရောက်ဖို့ အနေအထားမှာ သူတို့အတွက် စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။ သူတို့ရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကြိုတင်မြော်တွေး ဖြေရှင်းဆောင်ရွက်ပေးနိုင်မှသာ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေဟာ ရာနှုန်းပြည့်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ 

လူကုန်ကူးခံရသူတွေကို ပြန်လည်လက်ခံသည်မှအစ လူတွေကြားထဲ ပြန်လည်ဝင်ဆံ့ဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်တွေအတိုင်း ဆောင်ရွက်ပေးနေပါတယ်။ သူတို့ကို တရားရုံးမှာ စစ်ဆေးခံနေရစဉ်မှာ ခရီးစရိတ်၊ ဆေးကုသစရိတ်၊ ကျွေးမွေးစရိတ်တွေ ထောက်ပံ့ပေးပါတယ်။ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ပေးပြီး ဘဝရပ်တည်နိုင်ရေး တတ်နိုင်သမျှ ထောက်ပံ့ပေးနေပါတယ်။ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာတွေမှာ ရောက်ရှိနေတဲ့ သူတွေအတွက် အခြေခံလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ 

အထက်ပါအချက်တွေအရတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်တွင်းရေးရာတွေနဲ့ ပြည်ပဖိအားမျိုးစုံကြားကနေ တတ်နိုင်သမျှ ကြိုးပမ်းအားထုတ် တိုက်ဖျက်နေတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။ လူကုန်ကူးမှုပြဿနာဟာ နိုင်ငံတိုင်းနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပါဝင် မကင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ 

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်၊ သဘာဝဘေး၊ စီးပွားရေးကျဆင်းမှုနဲ့ ဆင်းရဲမှု၊ ငတ်မွတ်မှု အခြေအနေတွေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ကြီးမားတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုတွေအဖြစ် တည်ရှိနေပါတယ်။ ထိုပြဿနာတွေကို မရှင်းနိုင်သမျှ စိန်ခေါ်မှုတွေအဖြစ် ရေရှည်တည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ နိုင်ငံရေး အာဃာတတွေနဲ့ ပြည့်နှက်နေပြီး ဒဏ်ရာနဲ့ဆေး မတည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ ထုတ်ပြန်ချက်တွေဟာ ထပ်တလဲလဲ ပိတ်ဆို့မှု၊ တားဆီးမှု၊ ဖြတ်တောက်မှုတွေနဲ့အတူ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်တွေနဲ့ အလှမ်းကွာဝေးလွန်းသထက် ကွာဝေးနေမည် သာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။