ဖန်မီးအိမ် နန်းချည် မကျွမ်းတော့ပြီ

ဝ ထ က လ သ (နတလ)

ဆနင်းဒေသ၏ အတိတ်

ကြယ်ရောင်များကို အမှီပြု၍ ဤရွာကလေးများ ပတ်ဝန်းကျင်မှ ကျွန်တော်ဖြတ်လျှောက်ခဲ့ဖူး ပါသည်။ ထိုစဉ်အချိန်က အမှောင်ထုများကြားမှာ မီးရောင်မှိတ်တုတ်မှိတ်တုတ်နှင့် ဟိုတစ်စု ဒီတစ်စုတည်ရှိနေကြသော ရွာအစုစုတို့၏ ခပ်ရေးရေး မြင်ကွင်းကို မြင်ယောင်နေမိပါသေးသည်။ တစ်ခါတစ်ရံတွင် မီးရောင်များ လုံးဝမရှိသော ညမှောင် မိုက်မည်းမည်း၌လည်း ရွာလယ်လမ်းကို ဖြတ်သန်းခဲ့ရ၏။ ရွာလေးများသည် တောင်ပေါ်ဒေသဖြစ်သဖြင့် အနိမ့်အမြင့် မညီသောမြေတွင် တည်ရှိနေကြ၏။ ညအချိန် တချို့သော ကျေးရွာများ၏ ရွာလယ်လမ်း၊ တချို့ကျေးရွာများ၏ ရွာနံဘေးအတိုင်း ဖြတ်ကျော်ချီတက်ခဲ့ကြရသည်။ ထို့ကြောင့် မီးရောင်တို့သည် တချို့လမ်းအပေါ်ပိုင်းမှာ တလက်လက်၊ တချို့လမ်း၏ အောက်ဘက်ပိုင်းမှာ အလင်းရောင်မှုန်ပျပျဖြင့် အနိမ့်အမြင့် မညီမျှမှုကပင် ဆေးခြယ်မမီသော ပန်းချီကားတစ်ချပ်ပမာ။ 

ဤဆောင်းပါးကို ရေးသားရင်း လွန်ခဲ့သော ၁၉၈၃ ခုနှစ်က တပ်မ ၅၅ စစ်ကြောင်းများနှင့်အတူ အရုဏ်တက်တိုက်ပွဲ  တိုက်ခိုက်ရန်အတွက် တစ်ညလုံး night move ဖြင့် ခရီးပြင်းနှင်ခဲ့ရသော လမိုက်ညတစ်ညကို ပြန်လည်ထိရှခံစားနေမိသည်။ ထိုစဉ်အခါကာလများသည် ပင်လုံဒေသ ဆနင်းတောင်ကြောတွင်  ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေး စစ်ဆင်ရေးများ ဆင်နွှဲနေသော အချိန်ကာလဖြစ်ပါသည်။ ဆနင်းဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သားများ၏  စွန့်လွှတ် အနစ်နာခံပေးဆပ်မှုများနှင့်အတူ မူးယစ်ဌာနချုပ် စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြပါသည်။

တပ်မတော်သည် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မိုးဟိန်းစစ်ဆင်ရေးကို အဆင့် (၁) မှ (၁၄) အထိ ပြုလုပ်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးများတွင် စစ်သည်တော် ၆၉ ဦး ကျဆုံးခဲ့ပြီး ၄၅၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်ကိုလည်း အမှတ်ရနေမိပြန်ပါ သည်။ 

ထိုသို့ ဆနင်းစခန်းသိမ်းတိုက်ပွဲပြီး နောက်ပိုင်းတွင်လည်း နယ်မြေစိုးမိုးရေးအတွက် ဤကျေးရွာ လေးများကို နေ့၊ ည အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသည်။

ဤဒေသတွင် လေတို့သည် အေးစက်ရှတကြမ်းတမ်း၏။ ရေတို့သည် ကြည်လင်ပြတ်သား၏။

နှင်းပွင့်နှင်းစက်တို့သည် ဖြူဖွေးသန့်စင်လှပကြပြီး ဆောင်းဆိုလျှင် ရေခဲလုမတတ် အေးမြ၏။ ထင်းရှူး တောတန်းများနှင့်အတူ အရိုင်းဆန်ဆန်လှပသော ဒေသတစ်ခုလည်း ဖြစ်ပေသည်။ 

သို့သော် ထိုအချိန်၊ ထိုကာလက ထိုဒေသသည် လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခဲ့။ လျှပ်စစ်၏ မီးရောင်တို့သည်လည်း ဒေသခံတို့၏ အိပ်မက်ပမာမျှသာ။ နယ်မြေသည်လည်း တည်ငြိမ်အေးချမ်းမှုများ ဝေးကွာနေခဲ့သော အချိန်ကာလဖြစ်၏။ စားဝတ်နေရေးအတွက် တောင်ယာစပါး၊ လက်ဖက်၊ လိမ္မော်၊ ထောပတ်နှင့် ချဉ်စော်ကားသီး စိုက်ခင်းများ အကြား ဆလတ်၊ မုန်ညင်းတို့ ယှဉ်တွဲလျက် ဘိန်းစိုက်ခင်းအချို့ကို မြင်တွေ့ရတတ်သောကာလလည်း ဖြစ်ပေသည်။

ဆနင်းဒေသ၏ ပစ္စုပ္ပန်

ဆယ်စုနှစ်များအတွင်း နိုင်ငံတော်၏ မူးယစ်ဆေးဝါးပပျောက်ရေး အစားထိုးဖွံ့ဖြိုးမှုစီမံကိန်း များနှင့်အတူ အခုတော့ဖြင့် ဤကျေးရွာများသည် ယခင်အခြေအနေနှင့် များစွာကွာခြား ဖွံ့ဖြိုးတိုးတက်ခဲ့ပေပြီ။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး များစွာကောင်းမွန်ခဲ့လေပြီ။ ကျေးရွာအတော်များများ လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးခဲ့ပေပြီ။ ဘိန်း စိုက်ခင်းများသည်လည်း မရှိတော့ပြီ။

ဆနင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အတော်များများနှင့် ဆက်စပ်နေပါသည်။ တောင်ကြီးမှ နှစ်နာရီခွဲ၊ သုံးနာရီဝန်းကျင်ခန့် ကားမောင်းလျှင် ရောက်နိုင်၏။ ဟိုပုံးမြို့နယ်နှင့် လည်း ထိစပ်နေ၏။ ရပ်စောက်မြို့နယ် မိုင်းပျဉ်းဒေသသို့လည်း အလွယ်တကူ သွားလာနိုင်ပြီး လဲချားမြို့နယ်အတွင်းက ကျေးရွာများသို့လည်း လမ်းများဆက်သွယ်ထားပါသည်။ ပင်လုံမှ နှစ်နာရီ ဝန်းကျင်လောက်သွားလျှင်ရောက်နိုင်ပြီး မိုင်းကိုင်မြို့အထိရောက်သော တောတွင်းလမ်းများရှိသကဲ့ သို့ မိုင်းပွန်ဒေသသို့လည်း သွားလာနိုင်ပါသည်။

နောင်ပန်ပိန်းကျေးရွာသည်  လွိုင်လင်ခရိုင် ပင်လုံမြို့ အနောက်ဘက် ငါးမိုင်အကွာရှိ အမြင့်ပေ ၅၀၀၀ ကျော်သော ဆနင်းတောင်ကြောပေါ်၌ တည်ရှိပါသည်။ နောင်ပိန်းရွာ (ခ) နောင်ပန်ပိန်းရွာ၊ ကာဖီရွာ၊ ကောင်းမဲ့ကလျာရွာ၊ ဟွေဆန်းရွာဦးအနီးရှိ ပန်းတင်ဗော်တောင်တော်ပေါ်၌ ကိုးနဝင်းစေတီတော်ကြီး တည်ရှိပါသည်။ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ တိုက်တွန်းချက်အရ သာသနာ့နယ်မြေဟောင်းဖြစ်သော ဤ ပန်းတင်ဗော်တောင်တော်ကို ဘုရားဝတ္တကမြေအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။ 

ပင်လုံ- ကျောက်တန်း လမ်းမကြီး

ထိုတောင်ကြောပေါ်မှကြည့်လျှင် ပင်လုံမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကို ဆက်သွယ်ထားသည့် ပင်လုံ - ဖက်နမ် - ကျောက်တန်းခရိုင်ချင်းဆက် ၁၄ ပေ အကျယ် ကတ္တရာလမ်းမကြီးကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ယင်းလမ်းမကြီးသည် ၂၉/၅ မိုင် ရှည်လျားကာ ပင်လုံမြို့မှ ဖက်နမ်တံတား အထိ မိုင် ၂၀၊ ဖက်နမ်တံတားမှ ကျောက်တန်း ကျေးရွာအထိ ၉/၅ မိုင် ကွာဝေးပါသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေဖြင့် ပင်လုံမြို့မှ ကိုးနဝင်း စေတီတော်ကြီးအထိ ခြောက်မိုင်ကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြေသားလမ်းဖောက်လုပ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းဦးစီးဌာနက လုပ်ငန်းလွှဲပြောင်းရယူကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အတွင်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ 

လမ်းမကြီး၏ အနောက်ဘက်ရှိ ဟဲနန်းကျေးရွာ အုပ်စုနှင့် ဆဟောင်းကျေးရွာအုပ်စုများ၌ ပအိုဝ်း တိုင်းရင်းသား ၇၀ ရာခိုင်နှုန်း၊ ရှမ်း၊ ပလောင်နှင့် လီဆူတိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့် နေထိုင်ကြ ၏။ လမ်းမကြီး၏ အရှေ့ဘက်ရှိ ဆနင်းတောင်ကြော တစ်လျှောက်၌မူ ဆနင်းကျေးရွာအုပ်စု၊ နားတစ်ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာအုပ်စုများ တည်ရှိပြီး ရှမ်းတိုင်းရင်းသား ၆၅ ရာခိုင်နှုန်း၊ ပအိုဝ်းနှင့် ပလောင်တိုင်းရင်းသား ၃၅ ရာခိုင်နှုန်း နေထိုင် ကြ၏။ ဒေသခံများသည်  တောင်ယာလုပ်ငန်း၊ လက်ဖက်၊ လိမ္မော်၊ ထောပတ်နှင့် ချဉ်စော်ကားသီးတို့ ကို ဥယျာဉ်ခြံများဖြင့် စိုက်ပျိုးကြသည်။ 

ထိုလမ်းမကြီးကို အသုံးပြုလျက် ဆနင်းကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စုနှင့် ဆဟောင်းကျေးရွာ အုပ်စုသုံးခုရှိ ကျေးရွာများမှ ဒေသခံများသည် ဟိုပုံးမြို့နှင့် တောင်ကြီးမြို့များသို့ မော်တော်ကား / မော်တော် ဆိုင်ကယ်များဖြင့် နေ့ချင်းပြန် လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြပြီ ဖြစ်ပါသည်။ ယခင်က တောင်ကြီး၊ မိုင်းပွန်၊ လွိုင်လင်နှင့် ပင်လုံ မူလလမ်းကြောင်းဟောင်း ၅၆ မိုင်အစား ယခုအခါ ခရီးတို၍ လမ်းကြောင်းပိုကောင်းသည့် ပင်လုံ - ဖက်နမ် - ကျောက်တန်း ခရိုင်ချင်းဆက် အရန်လမ်းမကြီး တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ခြင်းကြောင့် လွိုင်လင် ခရိုင်၊ ဟိုပုံးခရိုင်နှင့် တောင်ကြီးခရိုင်တို့၏ ကုန်စည် စီးဆင်းမှုနှင့် ခရီးသွားလာမှု လုပ်ငန်းများသည်လည်း ပိုမိုတိုးတက်ခဲ့ပေပြီ။

လျှပ်စစ်ဓာတ်အားပြည်ထွန်းကား

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အထူးအရေးပါ လျက်ရှိနေသည်။
ယနေ့ဖွံ့ဖြိုးမှု အမြင့်ဆုံးနိုင်ငံများမှာ လျှပ်စစ် ဓာတ်အားအလျှံအပယ်သုံးနိုင်သော  နိုင်ငံများပင် ဖြစ်ကြပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် လျှပ်စစ်ဓာတ်အားသုံစွဲနိုင်မှုနှင့် တိုက်ရိုက်အချိုးကျ မည်ထင်ပါသည်။

မြန်မာ့သမိုင်း၌ ကိုလိုနီအစိုးရသည် ၎င်းတို့ အကျိုးစီးပွားအတွက် အဓိကကျသော သတ္တု တူးဖော်ရေး၊ ရတနာတူးဖော်ရေး လုပ်ငန်းခွင်များဖြစ်သော မိုးကုတ်၊ ဟိန္ဒား၊ နမ္မတူ၊ မော်ချီး အစရှိသော ဒေသများတွင်သာ အသေးစားရေအားလျှပ်စစ် လုပ်ငန်းများ တည်ဆောက်ခဲ့ကြသည်။ ၎င်းတို့ နွေရာသီ အပန်းဖြေအနားယူလေ့ရှိသည့် မြို့များနှင့် ရုံးစိုက်ရာ မြို့ကြီးများအတွက်ကိုလည်း အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ခဲ့ကြသည်။ သို့သော် ပြည်သူအများစုအတွက်မူ လျှပ်စစ်ဓာတ်အားရရှိရေး မစဉ်းစားခဲ့ကြ။ ခံစားခွင့်မရခဲ့ကြပေ။
    
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်လောက်က ပဲနွယ်ကုန်း ကျောက်ကြီးချောင်းပေါ်၌ “ဘောပထ ရေအားလျှပ်စစ်စီမံကိန်း”၊ လွတ်လပ်ရေးရပြီးကာလ ပဲခူးအနောက် ပဲခူးချောင်းပေါ်က “ဇောင်းတူ စီမံကိန်း” များ ဆောင်ရွက်ရန်စီစဉ်ခဲ့သော်လည်း တစ်နိုင်ငံလုံးမှာ ရောင်စုံသူပုန်များ ထကြွလာသဖြင့် စီမံကိန်းများ မအောင်မြင်ခဲ့၊ မလုပ်နိုင်ခဲ့။ ဗြိတိသျှတို့ မြန်မာကိုအုပ်ချုပ်ပြီး နိုင်ငံပိုင်သယံဇာတပေါင်း များစွာကို ကုပ်သွေးစုပ်ယူသွားခဲ့သည်မှာ နှစ်ပေါင်း ရာဂဏန်းရှိခဲ့သော်လည်း ပြန်လည်ထူထောင်ရေးအတွက် သိသာထင်ရှားသည့်  ထောက်ပံ့မှုမပေးခဲ့။ 

ဂျပန်ကတော့ မြန်မာနိုင်ငံကို စစ်လျော်ကြေးပေးခဲ့ပါသည်။ ထိုဂျပန်စစ်လျော်ကြေးဖြင့်ပင် ၁၉၅၄ ခုနှစ်တွင် ဘီလူးချောင်း အမှတ် (၂) စက်ရုံကို စတင်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဧပြီ လ ၁ ရက်နေ့တွင် ရန်ကုန်ကို ဓာတ်အားစတင် ပေးနိုင်ခဲ့သည်။ သာစည်မှတစ်ဆင့် မန္တလေးကိုတော့ ၁၉၆၃ ခုနှစ်မှ စတင်ပေးနိုင်ခဲ့ပါသည်။ 

ထို့နောက် ခေတ်အဆက်ဆက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စွမ်းဆောင်နိုင်မှုကြောင့် ယခုအခါ တစ်နိုင်ငံလုံး စုစုပေါင်း အိမ်ထောင်စုအရေအတွက်၏ ၆၃ ဒသမ ၆၁ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေပြီဖြစ် ကြောင်း သိရသည်။
၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံးသို့ လျှပ်စစ်ဓာတ်အားကွန်ရက် ၁၀၀ ရာခိုင်နှုန်း ဖြန့်ကြက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

ဆနင်းဒေသ မီးလင်းရေး

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများ၏ အဓိကလိုအပ်ချက်များဖြစ်သော အခြေခံ အဆောက်အအုံများ၊ လမ်းများ၊ တံတားများ၊ စွမ်းအင် လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ သာသနာရေး လုပ်ငန်းများကို ပြည်သူများ၏ လိုလားချက်များ အပေါ်အခြေခံ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ မီးလင်းရေးလုပ်ငန်းသည်လည်း ဒေသခံပြည်သူများ၏ လူနေမှုဘဝများအား များစွာအကျိုးဖြစ်ထွန်း စေလျက်ရှိပါသည်။ မီးလင်းရေးလုပ်ငန်းများတွင် လျှပ်စစ်မီးလိုင်းများ သွယ်တန်းပေးခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ပေးခြင်း၊ ဆိုလာပြားများ တပ်ဆင်ပေးခြင်း၊ မီးစက်များ ဖြန့်ဝေပေးခြင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံငယ်များ တည်ဆောက်ပေးခြင်း စသည်တို့ပါဝင်ပါသည်။

ကိုးနဝင်းစေတီတော်အနီး ကျေးရွာအုပ်စု နှစ်ခုရှိ ကျေးရွာပေါင်း ၁၄ ရွာ၊ လူဦးရေ ၁၅၀၀၀၊ အိမ်ခြေ ၂၅၀၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ အသိပညာ ပွင့်လင်းတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဒေသခံ များ လျှပ်စစ်မီးသုံးစွဲနိုင်ရေးတို့အတွက် သုံးနှစ် ခြောက်လ စီမံကိန်းရေးဆွဲကာ ကျပ်သန်းပေါင်း ၇၉၇ ဒသမ ၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 

စီမံကိန်းစတင်သည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၁၆၂ သန်းဖြင့် ပင်လုံမြို့မှ ကိုးနဝင်း စေတီသို့ ၁၁ ကေဗွီ၊ ၄၀၀ ဗို့လိုင်း ၅/၄ မိုင်သွယ်တန်း ခြင်းနှင့် ၅၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

စီမံကိန်း ဒုတိယနှစ်ဖြစ်သော ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၂၁ ဒသမ ၀၆၅ သန်း ဖြင့် ဆဟောင်းကျေးရွာအုပ်စု နောင်ပန်ပိန်းကျေးရွာ၊ ဟဲနန်းကျေးရွာအုပ်စု ကာဖီနှင့် ကျူဗော်ကျေးရွာ များတွင် ၁၁ ကေဗွီလိုင်း ၁ ဒသမ ၁၈ မိုင်ကို SAC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၄၀၀ ဗို့လိုင်း သုံးမိုင်ကို ABC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ လေးလုံးတပ်ဆင်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာရေး ကာလတွင်လည်း ငွေကျပ် ၁၇၃ ဒသမ ၁၀၉ သန်း ဖြင့် ဟွေဆန်ကျေးရွာအတွက် ၁၁ ကေဗွီလိုင်း ၁ ဒသမ ၅ မိုင်ကို SAC ကြိုးဖြင့်၊ ၄၀၀ ဗို့လိုင်း ၁ ဒသမ ၆ မိုင်ကို ABC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၁၀၀ ကေဗွီ အေ ထရန်စဖော်မာနှစ်လုံး တပ်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟွေဟ ကျေးရွာနှင့် ဟွေမုန်ကျေးရွာ မီးလင်းရေးလုပ်ငန်း များအတွက် ၁၁ ကေဗွီလိုင်း ၁ ဒသမ ၈၉ မိုင်၊ ၄၀၀ ဗို့လိုင်း ၂ ဒသမ ၅ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ    သုံးလုံးအတွက် ခွင့်ပြုရန်ပုံငွေ ၂၄၁ ဒသမ ၆၄၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

ဆက်လက်၍ ပင်လုံ - ဖက်နမ် - ကျောက်တန်း လမ်းမကြီး၏ ဝဲ / ယာ ရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိသုံးစွဲရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် နတလ ဝန်ထမ်းများသည် မြေပြင်ကွင်းဆင်း၍ စီမံကိန်းလုပ်ငန်းများ စနစ်တကျရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

ဖန်မီးအိမ် နန်းချည် မကျွမ်းတော့ပြီ

ဤဒေသတွင် ဒေသခံတိုင်းရင်းသားအများစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ တောင်ယာလုပ်ငန်းသည် ပင်ပန်းသောလုပ်ငန်းဖြစ်၏။ နေပူပြန်လျှင်လည်း ချွေးတလုံးလုံး၊ မိုးရွာ ပြန်လျှင်လည်း မိုးတရွှဲရွှဲနှင့် ဆောင်းဆိုလျှင်လည်း နှင်းတစိုစိုဖြင့် နေထွက်မှနေဝင် ဆိုသလို တောင်ယာလုပ်ငန်းခွင် ဝင်ကြရသည်။ တောင်ယာမှအပြန်တွင် အလင်းရောင် ပျောက်လေပြီ။ အမှောင်ညများတွင် ရေနံဆီမီးခွက်၊ ဖန်မီးအိမ် အလင်းရောင်တို့ကို အားပြု၍ စားသောက်နေထိုင်မှုအား ဖြတ်ကျော်ကြရပါသည်။ ထိုရေနံဆီမီးခွက်နှင့် ဖန်မီးအိမ်တို့တွင် အသုံးပြုသော “မီးစာ” ကို “နန်းချည်” ဟုလည်း ခေါ်ပါသည်။ ယင်းမီးစာကို အချိန်ကြာကြာထွန်းလျှင် တမြည့်မြည့်ကျွမ်းသွားလေ့ရှိသဖြင့် မီးစာကိုချွေချွေ ပေးရပါသည်။ မီးစာကို အပေါ်သို့ မြှင့်တင်ပေးရပါသည်။

စာရေးသူတို့ ငယ်စဉ်က သင်ကြားခဲ့ရသည့် “ရွှေဘိုနယ်မှ ကောက်စိုက်သမများ ကျူးရင့်လေ့ ရှိသော ကောက်စိုက်သမသီချင်း” တွင်ပါရှိသည့်-

    “မိုးကြီးချုပ်ရင် ကြိုလှည့်လို့

    မှာခဲ့တယ်လေး၊

    ဖန်မီးအိမ် နန်းချည်ကျွမ်းအောင်

    ထွန်းကြိုခဲ့လေး” ဟူသော စာပိုဒ်လေးမှာ အလင်းရောင်အတွက် ရေနံဆီမီးခွက်နှင့် ဖန် မီးအိမ်ကိုဗဟိုပြုရသည့် တောင်သူဘဝ၊ လယ်သမား ဘဝနှင့် ကျေးလက်ဘဝကို ပီပြင်စွာ ဖော်ပြနေပါသည်။

တကယ်တော့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တစ်မုဟုတ်ချင်း ဖန်တီးယူ၍ မရနိုင်ပါချေ။ ထို့အတူ “ခုရေတွင်းတူး၊ ခုရေကြည် သောက်ချင်” ၍လည်းမရနိုင်ပါ၊ “လက်ဖက် ကောင်းစားချင် ပလောင်တောင်တက်နှေးရသည်” ဆိုသကဲ့သို့ပင် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာဖြင့် တစ်ဆင့်ချင်း တက်လှမ်းမှသာ ခိုင်မာသည့်ဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်မည် ဖြစ်ပါသည်။

ယခုတော့ -

နိုင်ငံတော်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဒေသအသီးသီးတွင် လမ်းတံတားများ ပေါ်ထွန်းလာပြီး ခရီးလမ်းပန်းဆက်သွယ်မှုများ ဖြောင့်ဖြူးကောင်းမွန်ခဲ့ပေပြီ။ ကျေးလက်ဒေသ၊ တောင်ပေါ် ဒေသများရှိ  ဒေသခံတိုင်းရင်းသားများသည် လျှပ်စစ်မီးရရှိသုံးစွဲနိုင်ခဲ့ပေပြီ။ လျှပ်စစ်မီးရောင်၊ ဆိုလာမီးရောင်များဖြင့် ရွာလမ်းမြေမှာ ဝင်းဝင်းဝါလျက် ရှိနေကြလေပြီ။

မိုဘိုင်းဖုန်းဖြင့် အင်တာနက်လိုင်းများသုံးစွဲလာနိုင်ကြပြီဖြစ်သောကြောင့် အသိပညာများ သိသာစွာ ဖွံ့ဖြိုးပွင့်လင်းလာလေပြီ။ ရုပ်မြင်သံကြားမှ သတင်းအစီအစဉ်၊ ဇာတ်လမ်း၊ ပညာပေးအစီအစဉ်များကို ကောင်းမွန်စွာ ကြည့်ရှုနိုင်ကြပေပြီ။ ကျေးရွာနေ ကျောင်းသား ကျောင်းသူများသည်လည်း လျှပ်စစ်မီးအလင်းဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ စာပေဖတ်ရှု လေ့လာနိုင်ကြပေပြီ။ ထမင်းချက်၊ ဟင်းချက် အိမ်ထောင်မှုကိစ္စများ ဆောင်ရွက်ရာတွင် Digital Material Accessories များ တွင်ကျယ်စွာ အသုံးပြု လာနိုင်ပေပြီ။ လျှပ်စစ်ဓာတ်အားအသုံးပြု၍ တစ်ပိုင်တစ်နိုင် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြလေပြီ။ အသိပညာပွင့်လင်းမှုကြောင့် လူငယ်၊ လူရွယ် အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းခဲ့လေပြီ။ 

ဆိုရသော် အချိန်ကုန်သက်သာ၊ လူသက်သာခြင်း အကျိုးကျေးဇူးများကို ရရှိခံစားခဲ့ကြရလေပြီ။ 

ရေနံဆီမီးခွက်နှင့် ဖန်မီးအိမ်တို့နေရာတွင် ဆိုလာမီးများ၊ လျှပ်စစ်မီးများက အစားထိုးနေရာယူ ခဲ့လေပြီ။

“ဖန်မီးအိမ် နန်းချည် မကျွမ်းတော့ပြီ” ဟု ဆိုရပါမည်။

ရိုးသားမှုဝတ်စုံအပြည့်ဖြင့် ဤဒေသလေးသည် အမှောင်များကိုခွင်း၍ ထာဝရအလင်းဆောင်နိုင် သောဒေသဖြစ်ခဲ့ပြီဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။ ။