‘ဖော့’ ‘ဖုံး’ ‘ဖျောက်ကွက်’ အချက်တို့၏ နိုင်ငံရေးအကျိုးသက်ရောက်မှု

၂၀ မေ

 

၂၀၁၈ အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက Burma Act 2018 ဥပဒေကို အတည်ပြုခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ဥပဒေပါ “မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခနှင့်သက်ဆိုင်သော အကြောင်းအရာများ” ဟူသော ခေါင်းစဉ်အောက်ရှိ “တွေ့ရှိချက်များ”ဟူသော ခေါင်းစဉ်ခွဲ၌ “၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့၏ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုအပေါ် အလွန်အကျွံ အင်အားသုံး၍ ရက်ရက်စက်စက် တုံ့ပြန်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုအပြုံလိုက် နေအိမ်စွန့်ခွာသွားမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤကဲ့သို့ အစုအပြုံလိုက် နေအိမ်စွန့်ခွာထွက်ပြေးမှုကို ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization of Migration) က “ထွက်ပြေးသော လူဦးရေပမာဏနှင့် ထွက်ပြေးမှု မြန်ဆန်နှုန်းသည် သမိုင်းတွင် မကြုံစဖူးဖြစ်သည်” ဟု ရေးသားထားပါသည်။ သမိုင်းတွင် မကြုံစဖူးဟုဆိုသော ဤအစုအပြုံလိုက် နေအိမ်စွန့်ခွာ ထွက်ပြေးမှု၌ ARSA အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော် အကျပ်ကိုင်မှုက မည်သည့် အတိုင်းအတာအထိ ပါဝင်နေသည်ကို အသိအမှတ်ပြု စစ်ဆေးရန် ပျက်ကွက်ခြင်းသည် အဆိုပါ Burma Act 2018 ၏ ရှင်းမရသော ပျက်ကွက်မှုသာ ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ ဖြစ်ရပ်အပေါ် Burma Act 2018 က “ မြန်မာစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့တို့၏ အလွန်အကျွံ အင်အားသုံး ရက်ရက်စက်စက် တုံ့ပြန်တိုက်ခိုက်မှု” ဟု ပုံဖော်ထားသည်ကို သတိပြုမိမည် ဖြစ်ပါသည်။ အရေးအကြီးဆုံး အချက်ဖြစ်သကဲ့သို့ ရှင်းရှင်းကြီး ပေါ်လွင်နေသောအချက်မှာ “ARSA အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏ လုပ်ရပ်၊ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်” တို့ကို တစ်လုံးတစ်ပါဒမျှ ရည်ညွှန်းမထားခြင်း ဖြစ်ပါသည်။ အဘယ့်ကြောင့်ပါနည်း။ အဖြေများ ရှင်းပါသည်။ ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များနှင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များအား ညွှန်းဆိုဖော်ပြပါက တစ်ပြိုင်တည်း ကျွဲကူး ရေပါဆိုသလို မြန်မာ့လုံခြုံရေးတပ်ဖွဲ့တို့၏ တရားမျှတသော တုံ့ပြန်ပိုင်ခွင့်ဆိုသည်ကိုပါ မလွှဲသာမရှောင်သာ အသိအမှတ်ပြုရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

Burma Act 2018 ၌ “မြန်မာ့လုံခြုံရေးစခန်းများအပေါ် တိုက်ခိုက်မှု” ဟုဆိုလျက် ဤစစ်ရေးဖြစ်စဉ်အပေါ် ‘ဖော့’ တင်ပြထား သကဲ့သို့ ARSA အကြမ်းဖက်အဖွဲ့၏ အခန်းကဏ္ဍကိုလည်း လုံးဝဖျောက်ထားပါသည်။ “မြန်မာ့လုံခြုံရေးစခန်းများအပေါ် တိုက်ခိုက်မှု” ဟူသော ဖော်ပြချက်နှင့် “မြန်မာ့လုံခြုံရေးစခန်း (၃၀)အား ARSA အကြမ်းဖက်တပ်ဖွဲ့များက တစ်ပြိုင်တည်းဝင်ရောက်စီးနင်းမှု” ဟူသော တင်ပြချက်ကို နှိုင်းယှဉ်ပါက ဖြစ်ပေါ်စေမည့် နိုင်ငံရေးအကျိုးသက်ရောက်မှု၌ သိသိသာသာ ကွဲပြားစေသည်ကို သတိပြုမိမည် ဖြစ်ပါသည်။ Burma Act 2018 ၌ အမည်ဆန်းတပ်ထားသော ဘင်္ဂါလီမျိုးနွယ်တို့၏ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေးကို တောင်းဆိုထားပါသည်။ သမိုင်းကို ပြန်ကြည့်ပါက မြန်မာနိုင်ငံ အစိုးရအဆက်ဆက်သည် ယင်းမျိုးနွယ်တို့၏ နိုင်ငံသားအခွင့်အရေး ရရှိပိုင်ခွင့်ကို အသိအမှတ်ပြုပြီး ဖြစ်ပါသည်။ အမှန်မှာမူ ARSA အကြမ်းဖက်အဖွဲ့၏ နိုင်ငံရေးရည်မှန်းချက် အစစ်အမှန်သည် ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့်အတူ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်မြေတစ်စိတ်တစ်ဒေသကို ဖဲ့ထုတ်သိမ်းပိုက်ရန် ဖြစ်ပါသည်။ Burma Act 2018 ၌ ARSA အကြမ်းဖက်အဖွဲ့၏ အဆိုပါ နိုင်ငံရေး ရည်မှန်းချက်ကို ဖော်ပြထားခြင်းမရှိပါ။ ဤသည်မှာလည်း အံ့ဩစရာမဟုတ်ပါ၊ ထိုသို့ဖော်ပြပါက မြန်မာ့လုံခြုံရေးတပ်ဖွဲ့တို့၏ တရားမျှတသော ခုခံပိုင်ခွင့်ဟူသော အချက်က ပေါ်လွင်ထင်ရှားလာမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတို့အား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်တစ်ရပ် အခိုင်အမာရှိထားခြင်းနှင့် အဆိုပါ သဘောတူညီချက် နှင့်အညီ ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက အဆင်သင့် ဖြစ်နေခြင်းအပေါ် Burma Act 2018 က အလေးအနက် မဖော်ပြခြင်းသည် စိတ်ပျက်စရာလုပ်ရပ်တစ်ခုသာ ဖြစ်ပါသည်။ ဤ Burma Act 2018 ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ သွားသူတို့ကို ပြန်လည်လက်ခံခြင်း၊ ထိရောက်သော လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်း၊ နေရပ်စွန့်ခွာသွားသူတို့အား ပြန်လည်နေရာချထားပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ရေရှည်တည်တံ့သ ည့် ငြိမ်းချမ်းရေး ဖန်တီးရေးဟူသော မူဝါဒလေးရပ်ချမှတ်ထားခြင်းအား ဖော်ပြထားပါလျက် ပူးပေါင်း ညှိနှိုင်းဖြေရှင်းခြင်းအစား ပြစ်ဒဏ်ခတ်အရေးယူခြင်းကို ဦးတည်ထားခြင်းသည် ပြဿနာ၏အဖြေကို ရှာဖွေနိုင်မည်မဟုတ်၊ ပြဿနာကိုသာ ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ ။