ဖြစ်ရပ်မှန်ကမ္ဘာ့မြင်ကွင်းများကြားက ရယူအပ်ရာသင်ခန်းစာများ

 

 

မြင့်မြတ်

 

ကမ္ဘာကြည့်ကြည့်တော့လည်း သာမန်အခြေအနေမဟုတ် 

 

၂၀၂၃  ခုနှစ် နှစ်ဆန်းကာလကတည်းကစပြီး မတည်ငြိမ်မှုတွေနဲ့ကမ္ဘာတစ်ဝန်းမှာ သပိတ်မှောက်မှုတွေ၊ ချီတက်ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်တွေနဲ့ ခပ်စိတ်စိတ်လေး လှုပ်ခတ်လာတာ သတိထားမိကြပါ လိမ့်မယ်။ တချို့ဒေသတွေမှာ အပြင်းအထန်၊ တချို့ ဒေသတွေမှာတော မသိမသာ၊ အနောက်အုပ်စု ဘက်က NATO နဲ့EU အဖွဲ့ဝင် ပြင်သစ်နဲ့အရှေ့အလယ်ပိုင်းက အစ္စရေးတို့ကတော့ လတ်တလော အပြင်းထန်ဆုံး၊ အဆိုးရွားဆုံးပါပဲ။

 

အထူးသဖြင့် လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့တရားမျှတမှုစံနှုန်းတွေကို စံတင်ထားတဲ့ အနောက်တိုင်းဒီမိုကရေစီစနစ်ရဲ့ သရုပ်သကန်နဲ့ ဆန့်ကျင်ဘက် လူထုအုံကြွမှုအပေါ် အင်အား အဆမတန်သုံးပြီး နှိမ်နင်းဖြိုခွဲတဲ့ မြင်ကွင်းတွေ၊ ဘဏ်တွေ ပြိုလဲ၊ ဘွန်းတွေထိုးကျ၊ မရေရာမသေချာ ဒေါ်လာ အားနည်းလာတဲ့ ပုံရိပ်တွေက လစ်ဘရယ် ဒီမိုကရေစီနဲ့ အရင်းရှင်စီးပွားရေးစနစ်အပေါ် ထိုးနှက် ချက်တွေများဖြစ်လာလေသလား၊ အပြောင်းအလဲတွေက ထင်တာထက် ပိုမြန်ဆန်လွန်းနေသလားလို့ပါ။

 

သက်ရောက်မှုကြီးလှတဲ့ မမြဲတဲ့သဘောများ

 

တစ်ကမ္ဘာလုံးမှာ ငွေဖောင်းပွမှု ပြင်းပြင်း ထန်ထန်ကြုံနေရပေမယ့် အမေရိကန်ရဲ့ ငွေဖောင်းပွမှု က ဘဏ်တွေပြိုလဲ၊ စတော့ဈေးကွက်တွေ ပျက်သည် အထိ သက်ရောက်သွားတယ်။ ဦးဆုံးဘဏ်ပြိုမှုမှာ တာဝန်ယူမှုမရှိတဲ့ ကမ္ဘာ့ကြွေးအထူဆုံး အမေရိကန် စူပါပါဝါကြီးဟာ သူနဲ့တစ်ပါတည်း သေဖော်သေဖက် ဥရောပဘဏ်တွေကိုပါ အပါခေါ်တဲ့အခါ စီးပွားပျက်ကပ်ဆီဦးတည်နေတဲ့ စိုးရိမ်ဖွယ်ရေမှတ်ကို ရောက်ခါ နီးပြီလို့ ပညာ ရှင် တွေက သတိပေးထောက်ပြနေကြပါပြီ။

 

OPEC၊ တရုတ်၊ ရုရှားတို့ ဦးဆောင်ပြီး ဒေါ်လာကို ဖယ်ကြဉ်လာတဲ့အနေအထားနဲ့အတူ ဒေါ်လာကြီးစိုးမှုအပေါ် ကမ္ဘာရဲ့ယုံကြည်မှု ပျောက်ဆုံးခြင်းလမ်းစ ပေါ်လာနေပြီလို့ ယူဆရပါတယ်။ တရုတ်နဲ့ရုရှား ဦးဆောင်တဲ့ SCO နဲ့ BRICS အဖွဲ့တွေ၊ အထူးသဖြင့် BRICS အဖွဲ့ကြီး ပါဝါအားကောင်းလာခြင်းနဲ့အတူ မနှေးအမြန် De dollarization ဘက် ရွေ့လျောလာတဲ့အခြေအနေ၊ ကမ္ဘာ့စူပါပါဝါကြီးရဲ့ ကမ္ဘာအပေါ် လွှမ်းမိုးနိုင်စွမ်းအား အားနည်းယုတ်လျော့လာတဲ့ အနေအထားတွေဟာ သင်္ခါရသဘောအရ မမြဲ၊ ဖြစ်ပြီး ပျက်တဲ့သဘောပါပဲ။ အသေးအဖွဲဟူသည်မရှိ၊ တစ်နေရာက အသေးအဖွဲလေးမို့ လျစ်လျူရှုမိရင် အခြားတစ်နေရာမှာ ကြီးစွာသော အကျိုးသက်ရောက်မှုတွေ သွားဖြစ်တာမျိုးကဲ့သို့ ကမ္ဘာကြီးကပြောပြနေတဲ့ butterfly effect သင်ခန်းစာ၊ domino effect ကဲ့သို့သော အမှတ်မထင် အစပြုလိုက်တဲ့အရာတစ်ခု ကနေ ပေါ့ဆလို့မရတဲ့အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခုဖြစ်လာတဲ့ ဆင့်ကဲဆင့်ကဲဖြစ်စဉ်တွေ။ ဘာပဲ ဖြစ်ဖြစ် ကမ္ဘာအနှံ့က သင်ခန်းစာ ယူစရာတွေသည် ဒုနဲ့ဒေးပါပဲ။

 

မထိန်းချုပ်နိုင်ကြတဲ့အတ္တနဲ့ လောဘဇောတွေကြောင့်

 

သင်ခန်းစာယူစရာတွေကတော့ အများအပြားပါပဲ။ အတ္တကစတဲ့ လောဘရမ္မက်တွေကို ထိန်းချုပ်သင့်တဲ့ အခြေအနေတွေကို မြင်အောင်ကြည့်စေချင်တယ်။ အတ္တကို မထိန်းချုပ်နိုင်ကြလို့ အခုလိုတွေ ဖြစ်လာရတာ ပါပဲ။ အတိုင်းအတာတစ်ခုအထိတော့ အားပြိုင်မှုတွေကြားမှာ မိမိအတ္တက ခရီးရောက်ခဲ့ပါသေးတယ်။ စီးပွားရေးမက်လုံးတွေနဲ့ ချေးငွေချူဆီကြားမှာ နိုင်ငံငယ်တွေ အရည်ပျော်ကုန်တာ သိလိုက်တဲ့အချိန် သိပ်နောက် ကျသွားပါပြီ။ အပြိုင်အဆိုင်ကြားမှာ အမြတ်မှ အမြတ်ဖြစ်ကြလေတော့ သီရိလင်္ကာလို လက်ဝေခံတွေ ငုတ်တုတ်မေ့တာပေါ့။

 

အရင်းရှင်စနစ်နဲ့ နီယိုလစ်ဘရယ်တွေ ပြိုလုဆဲမှာ အာဏာရှင်အမည်တပ်ထားတဲ့ တရုတ်၊ ရုရှား၊ ဗီယက်နမ်တို့လို ကျားတွေရဲ့ လက်ရှိသက်ရောက်မှုတွေအပေါ် အန်တုရင်ဆိုင်နိုင်တဲ့ အနေအထားတွေကို လေ့လာပြီး သင်ခန်းစာယူသင့်တာ ယူနိုင်ရပါမယ်။ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုဟန်ချက်ညီရမယ်၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် အမှီသဟဲပြုနိုင်အောင် အညမည ဖြစ်နေရမယ်ဆိုတဲ့ အချက်ကို လေ့လာမိပါတယ်။ အထူးသဖြင့် တိုင်းပြည်တစ်ပြည်မှာ တည်ငြိမ်မှုက အလွန်အရေးကြီးတယ်ဆိုတဲ့အချက်ကို လက်ခံရလိမ့်မယ်။

 

စစ်နွံနှင့် စီးပွားရေးနွံအတွင်း လှုပ်လေမြှုပ်လေ

 

အောင်မြင်နေတုန်းတော့ ဆင်သွားသမျှလမ်း ဖြစ်တယ်။ အမြဲတမ်း မှီခိုခံဘဝနဲ့ အမှီကောင်းတုန်း ကတော့ အားကိုးရာဖြစ်ပေမယ့် နိမ့်ပါးလာတဲ့အချိန် ယုံကြည်မှုတွေ ပျောက်ဆုံးလာတတ်ကြတယ်။ မဟာမိတ်ဥရောပနိုင်ငံတွေကိုချနင်းပြီး တစ်ကိုယ် ကောင်းဆန်လွန်းတဲ့ NATO ခေါင်းဆောင်ကြီးကို သူ့အဖွဲ့ဝင်နိုင်ငံတချို့ (ဥပမာ- တူကီယဲ၊ ဟန်ဂေရီ၊ ရိုမေနီးယားတို့) ကိုယ်တိုင် မကျေနပ်ကြတော့ဘဲ မနာခံ၊ အာခံလာတဲ့ အနေအထားတွေ မြင်ကြရမှာပါ။

 

ယခင် ဆိုဗီယက်အုပ်စုဝင်အရှေ့ဥရောပ ဟန်ဂေရီ နဲ့ ရိုမေးနီးယားနိုင်ငံတွေက NATO က နုတ်ထွက်ဖို့ ဆန္ဒရှိနေကြပြီလို့ သိရပါတယ်။ ခေါင်းဆောင်နိုင်ငံ ကိုယ်တိုင် သဘောထားမမှန်တဲ့အခါ နောက်လိုက်တွေ အနေနဲ့လည်း လိုက်ပါလုပ်ဆောင်ဖို့ မလွယ်တော့ဘဲ အဖွဲ့ကြီးရဲ့ညီညွတ်မှုကို တစ်ချိန်ချိန်မှာ ထိခိုက် လာနိုင်တယ်ဆိုတာ ရိပ်မိနေပါတယ်။ လက်ရှိဖြစ်နေတဲ့ ရုရှား - ယူကရိန်းစစ်မှာ အမေရိကန်ရဲ့ အလွန်အမင်း ရှေ့တင်ထားတဲ့အတ္တအကျိုးစီးပွားနဲ့ ဥရောပပြည်သူ တွေရဲ့အကျိုးစီးပွား ဘယ်လိုမှ မဟပ်စပ်တဲ့ အခြေ အနေတွေ၊ လောင်စာငွေဖောင်းပွမှုစီးပွားရေးနွံနဲ့အတူ ယူကရိန်းစစ်နွံမှာ ကျရောက်နေတဲ့ ဥရောပ ပြည်သူတွေရဲ့ဘဝကို အမေရိကန်နောက် မျက်စိ ပိတ်လိုက်နေတဲ့ ဂျာမနီ၊ ပြင်သစ်လို ဥရောပ ခေါင်းဆောင်တွေကြောင့် ကမ္ဘာကြီးအနေနဲ့ တစ်ချိန်မှာ တန်ဖိုးကြီးကြီး ပြန်လည်ပေးဆပ်ရလိမ့်မယ်ဆိုတဲ့ အယူအဆတွေ များလာနေတာကို သတိပြုကြဖို့လိုပါမယ်။

 

မိမိတို့ပါဝင်နေတဲ့ ဒေသဆိုင်ရာ အဖွဲ့ကြီးအနေနဲ့ကော မြန်မာပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီး အနေနဲ့ကော သင်ခန်းစာယူစရာတွေ ရှိမယ်လို့ ယူဆပါတယ်။ ယခင်ကတည်းက ဆိုရှယ်လစ် အရင်းရှင် ဒီမိုကရေစီ၊ တစ်ပါတီ၊ ပါတီစုံ ဆိုသော်လည်း အာဏာရှင်လို့ သတ်မှတ်ကြတဲ့ တစ်ပါတီတည်း ကြီးစိုးနိုင်ငံတွေ၊ ဗုဒ္ဓဘာသာ၊ မူဆလင်၊ ခရစ်ယာန် ဘာသာအယူကွဲပြား ပြီးနိုင်ငံတွေ၊ ကိုယ်သန်ရာ သန်ရာ အင်အားကြီးနိုင်ငံ အစွဲတွေရှိနေကြတဲ့ နိုင်ငံတွေ စတာတွေ မတူကွဲပြား ခြားနားမှုတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီပဲ တစိုက်မတ်မတ် ရပ်တည်ခဲ့တဲ့ အာဆီယံကြီးဟာ အင်အားကြီး နိုင်ငံတစ်ခုရဲ့ ဖဲ့ထုတ်စည်းရုံးမှုအောက်၊ ဖိအားပေးစွက်ဖက်မှုတွေအောက်မှာ အက်ကြောင်းတွေ ထင်လာတာ တွေ့နေရပါတယ်။

 

အဖွဲ့ဝင်အားလုံး သဘောတူညီချက်နဲ့အတူ အာဆီယံမူ၊ အာဆီယံပဋိညာဉ်ဆိုတာ ရှိပြီးသားပါ။ ကိုယ်ကိုယ်တိုင်ရေးဆွဲထားတဲ့ ပဋိညာဉ် ကိုယ်တိုင်လေးစားဖို့ လိုအပ်ပါတယ်။ ကိုယ့်မူနဲ့ ကိုယ်ရပ်တည်ဖို့ ထောက်ပြမှုတွေရှိပေမယ့် နားမဝင်သူတွေရှိတဲ့အခါ တစ်ချိန်မှာ ဝါးအစည်းပြေ သလိုဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးရေးကို မခြိမ်းခြောက်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ ယခုပဲ ဖိလစ်ပိုင်မှာ အမေရိကန် စစ်စခန်းတွေရှိလာပါပြီ။ တောင်တရုတ်ပင်လယ်အရေးကိုအကြောင်းပြုပြီး ဒေသတွင်း တင်းမာမှုတွေ ဖန်တီးလာတဲ့ အနေအထားတချို့ ရှိလာနေပြီလို့ ပြောလို့ရပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ စည်းရုံးတာ ခံလိုက်ရပြီးနောက် မလေးရှား၊ စင်ကာပူပါ အမေရိကန်ဘက် သိသိသာသာကြီး ပါသွားခဲ့ရင် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကလည်း တစ်နေရာမှာပဲ ရှိတော့မယ့် အနေအထားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးဟာ ယခင်ထက်ပို အရေးကြီးလာပြီ၊ ပို၍အာရုံစိုက်စရာ ဖြစ်လာပြီလို့ ဆိုရမှာပါပဲ၊ သတိကြီးစွာထားရမယ့် အနေအထားတစ်ခုပါ။

 

ကိုယ်ခံအားကောင်းအောင် ကိုယ့်အားကိုယ်ကိုးပါ

 

တတ်နိုင်သမျှ ကိုယ်ခံအားကောင်းအောင် ကိုယ်ကိုယ်တိုင်ကြိုးစားပြီး ကိုယ့်အားကိုယ်ကိုးတာပဲ ကောင်းတယ်ဆိုတဲ့ သင်ခန်းစာရလိုက်ပါတယ်။ ပြည့်အင်အားသည် ကိုယ့်ပြည်တွင်းမှာသာရှိသည် ဆိုတာကို အမှတ်ရပြီး ကိုယ့်အင်အားကိုယ် ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ လိုတယ်ဆိုတဲ့အချက်ကို သွားတွေ့ရတယ်။ တိုင်းရင်းသား နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုကို မျက်ခြည်မပြတ် ဖော်ဆောင် နေမှသာ သက်ရောက်မှုမှန်သမျှ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အနေအထားတစ်ခုဖြစ်လာ မယ်ဆိုတာ တွေ့ရပါတယ်။ လက်ရှိအနေအထားအရတော့ ကိုယ့်လူမျိုးအချင်းချင်း သတ်နေဖြတ်နေကြတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဖို့ အလိုအပ်ဆုံးပါပဲ။

 

နွားကွဲရင်ကျားကိုက်ဆိုတာမျိုး သွေးကွဲရင်တော့ ကျားဆွဲတာခံရပါလိမ့်မယ်။ လက်ရှိ ယူကရိန်းကိုပဲ ကြည့်ပါ။ ချည့်နဲ့အားကုန် စစ်ပန်းနေတဲ့ ယူကရိန်းနိုင်ငံရဲ့ အနောက်ပိုင်းကို နေတိုးအကူအညီနဲ့ ပိုလန်က ဝင်ရောက်သိမ်းပိုက်မယ့် ခြိမ်းခြောက်မှုတွေ တွေ့မြင်လာနေရတယ်။ ကိုဗစ်ကပ်၊ ယူကရိန်းပဋိပက္ခ၊ ကမ္ဘာအနှံ့ ဆူပူအကြမ်းဖက်တွေကြားမှာ ကြားမညှပ်မိဖို့ အရေးကြီးကြောင်း တွေ့ရပါတယ်။ တိုင်းပြည်အခြေခိုင်ဖို့အတွက် ထုတ်နိုင်သမျှကိုယ်တိုင်ထုတ်နိုင်အောင်လုပ်၊ စိုက်ပျိုးမွေးမြူရေး အခြေခံတဲ့ စိုက်ပျိုးမွေးမြူ အခြေခံကုန်ထုတ်မှုတွေ ပိုပြီးဦးစားပေး၊ ပိုပြီးရင်းနှီး မြှုပ်နှံ၊ ဒါဟာ ကျွန်တော်တို့လို နိုင်ငံအတွက် အခြေခံ အချက်ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူးလို့ ထင်ပါတယ်။

 

ထိုနိုင်ငံရဲ့ပျက်စီးနိုင်ငံရေးနဲ့လူမှုဘဝတစေ့တစောင်း

 

ယခုသီတင်းပတ်အတွင်း ထူးပေမယ့် မရိုးနိုင်တဲ့ သတင်းတစ်ပုဒ်ဖတ်ဖြစ်တယ်။ အမေရိကန်နိုင်ငံမှာပဲ အစဉ်အလာမပျက် လက်နက်ကိုင်လူသတ်မှုတွေ၊ ပြည်သူအချင်းချင်း အကြမ်းဖက်သတ်ဖြတ်မှု၊ ကလေးအကြမ်းဖက်၊ ကျောင်းသားအကြမ်းဖက် သတ်ဖြတ်မှုလို့ပြောလို့ရတဲ့ လူသတ်အကြမ်းဖက် ဖြစ်စဉ်များစွာအနက်က ယခုတင်နက်ဆီပြည်နယ် နက်ရှ်ဗလီမြို့ ပုဂ္ဂလိကပိုင် ခရစ်ယာန် ကျောင်းတစ်ခုမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက ကလေးသုံးဦးနဲ့ လူကြီးသုံးဦးကို ပစ်ခတ်သတ်ဖြတ်မှုသတင်းက နောက်ဆုံးဖြစ်ရပ်တစ်ခုပါ။ ထိတ်လန့်တုန်လှုပ်ဖွယ် သတိပြုဖွယ်သတင်းပါပဲ။ စီးပွားပျက်ခြင်းအပြင် လူမှုဘဝပျက်စီးမှုတွေပါ ထပ်ဆင့်ပါလာရင် ထိုနိုင်ငံရဲ့ကျဆုံးမှုဟာ နီးသထက်နီးလာနိုင်တယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ ဘာသာရေး အဆောက် အအုံပါမရှောင် သွေးအေးအေးနဲ့ သတ်ရဲဖြတ်ရဲတဲ့စရိုက် ဆိုးတွေ လွှမ်းမိုးအနိုင်ယူတာ ခံရတဲ့ လူ့အဖွဲ့အစည်း တွေရှိနေရာ နိုင်ငံတစ်နိုင်ငံဟာ ပျက်စီးဖို့ မခက်ခဲလှဘူးဆိုတာ သင်ခန်းစာယူနိုင်ရပါမယ်။

 

သို့ပေမယ့် ဒီလိုအမေရိကန်ပြည်သူတွေရဲ့ တချို့အနိဋ္ဌာရုံသတင်းတွေဟာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးလုပ်ကြံမှု သတင်းတွေအောက်မှာ ပျောက်ကွယ်နေတတ်ပြန်တယ်။ ဖြစ်တောင့်ဖြစ်ခဲ ယခင်သမ္မတ ဟောင်းအပေါ်မှာ လူမှုရေးပုဒ်မတပ်ပြီး စွဲချက်တင် လိုက်တဲ့ကိစ္စဟာ ပါတီကြီးနှစ်ခုရဲ့ အကွဲအပြဲကို ပိုပြီးနက်ရှိုင်း ဆိုးရွားသွားစေတယ် ဆိုတဲ့အချက်ကို မမြင်နိုင်လောက်အောင် အမေရိကန်နိုင်ငံရေးသမားတွေ အတ္တကြီးနေကြပါတယ်။ ဒီလိုပျက်စီးမှုမျိုးဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကိုပါ ကြီးကြီးမားမား ဂယက်ရိုက်နိုင်တဲ့အပြင် ဆန့်ကျင်ဘက် ကမ္ဘာ့မြင်ကွင်းမျိုးတွေ မြင်လာရသည်အထိ သက်ရောက်မှုကြီးမားသွား နိုင်တယ်လို့ သုံးသပ်မှုတွေကို သတိထားမိပုံ မရကြဘူး။ သို့ပေမယ့် အမေရိကန် ရွေးကောက်ပွဲဟာ ဘယ်သူနိုင်နိုင် ကမ္ဘာကြီးကို ကောင်းကျိုးမပေးတာတော့ သေချာပါတယ်။ ယူကရိန်းစစ်လောင်စာ ထိုးပေးနေတဲ့သမ္မတနဲ့ ထိုင်ဝမ်အရေးမီးမွှေးနိုင်တဲ့ သမ္မတ နှစ်ဦးကြား ဘာမှတော့ထူးခြားလာမှာ မဟုတ်ပါဘူး။

 

ယနေ့ကမ္ဘာ့အဖြစ်ပျက်တွေထဲက တချို့အဖြစ်အပျက်တွေဟာ မျက်ခြည်မပြတ် စောင့်ကြည့်သင့်ပြီး သင်ခန်းစာယူသင့်တာယူ ပြင်ဆင်သင့်တာပြင်ရမယ့် အခြေအနေများလို့ မြင်မိပါတယ်။ အကျိုးစီးပွား အတ္တ အခြေခံရှေ့တန်းတင်ကြလို့ ဖြစ်ရတဲ့ပဋိပက္ခမျိုးစုံနဲ့ စစ်ပွဲအမျိုးမျိုးကြားမှာ ကိုယ့်နိုင်ငံဟာ ကြားခံနိုင်ငံ တစ်ခုဖြစ်နေတာကို သိရှိထားသင့်ပါတယ်။ ကြားခံတစ်ခုဖြစ်လို့ ထိခိုက်မှုနဲ့ အနာတရတွေရှိနေပေမယ့် ထိုကြားခံအနေအထားကိုပဲ အခွင့်အလမ်းအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရင် ကိုယ့်ဘက်က အမြတ်ထွက်စရာတွေ ရှိလာနိုင်ပါတယ်။ ယနေ့ စစ်အေးလည်းမဟုတ် စစ်ပူလည်းမဟုတ်တဲ့ ကမ္ဘာ့နိုင်ငံရေး နန်းလုပွဲကြီးမှာ ပါးပါးနပ်နပ် အမြတ်ထုတ်နိုင်တဲ့ နိုင်ငံက သာသွားတာပါပဲ။ ကြားခံစစ်မြေပြင်ဖြစ်နိုင်တဲ့ အန္တရာယ်၊ တိုင်းပြည်ပြိုကွဲနိုင်တဲ့ အန္တရာယ်တွေ အတွက် အကောင်းဆုံးလက်နက်ဖြစ်တဲ့ စည်းရုံးရေး လက်နက်နဲ့ အင်အားတောင့်တင်းတဲ့ တပ်မတော် တစ်ရပ်ကသာ အားကိုးရာအာမခံချက်တစ်ခု ဖြစ်ပါတယ်။

 

ဒါကြောင့် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေးနဲ့ တပ်မတော်ကို ခိုင်မာ အားကောင်းအောင် ဆက်လက်တည်ဆောက်ထားရမယ်ဆိုတဲ့ အချက်များဟာ သင်ခန်းစာယူစရာများ ထဲက မဖြစ်မနေ လုပ်ရမယ့်အလုပ်များပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာကြီးရဲ့ ပကတိအရှိတရားကို လျစ်လျူရှု၊ လက်မခံတတ်ဘူးဆိုရင် ရလာမယ့် နောင်တနဲ့အတူ ပေးဆပ်မှုက ကြီးကြီးမားမား ရှိနိုင်တယ်ဆိုတာ မျှော်တွေးနိုင်ရပါမယ်။ ကမ္ဘာ့နိုင်ငံရေး မုန်တိုင်း၊ စီးပွားရေးစစ်ပွဲနဲ့အတူ ဟန့်တားဖို့ခက်ခဲလာနေတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ နိုင်ငံကြီးတစ်နိုင်ငံကပဲ ဗိုလ်ကျလွှမ်းမိုးမှုကို ကမ္ဘာကြီးက လက်မခံချင်ကြ တော့ဘူးဆိုတဲ့ အရိပ်အငွေ့တွေလည်း တွေ့လာနေ ရပါပြီ။

 

အမြော်အမြင်က နည်းပါးလေတော့ စီးပွားရေးအရ ဦးဆောင်မှုနေရာ၊ စစ်အင်အားအရ ဦးဆောင်မှု နေရာရယူထားတဲ့ ကမ္ဘာ့အင်အားကြီးအဖြစ်က ဖယ်ပေးရမယ့် အနေအထားများစွာ တွေ့မြင်နေရတဲ့ အခါ ကိုယ်တွေပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ကော ကြာလေအန္တရာယ်များလေ ဖြစ်မယ့်အဖြစ်တွေကို ဒေသခေါင်းဆောင်တွေ သတိကြီးကြီးထား အမြော် အမြင်ကြီးကြီးရှိကြမှသာ ကိုယ့်ရှူးကိုယ်ပတ် အဆိုးသံသရာထဲ အပါခေါ်ပတ်ရမ်းနေတဲ့ ကမ္ဘာဖျက်ဘေးရန်က လွတ်ကင်းနိုင်မှာ ဖြစ်ပါကြောင်း တွေးမိ၊ ရေးမိပါတော့တယ်။ ။