ဖွဲ့စည်းပုံအခြေခံဥပဒေကပြောသော နိုင်ငံသားများနှင့် နိုင်ငံသားစိတ်ဓာတ်

၂၆ ဇူလိုင်

 

တိုင်းရင်းသားနှင့်နိုင်ငံသား၊ တိုင်းရင်းသားဆိုသည်မှာ အဘယ်နည်း။ နိုင်ငံသားဆိုသည်မှာ အဘယ်နည်း။ နိုင်ငံသားသည် တိုင်းရင်းသားဖြစ်နိုင်သလား။ တိုင်းရင်းသားနှင့် နိုင်ငံသားအခွင့်အရေး ရရှိပုံ၊ တာဝန်ရှိပုံ တူတူညီညီရှိပါသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် တည်ဆဲနိုင်ငံသားဥပဒေများကို လေ့လာ စောကြောမိသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

 

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပထမဦးဆုံး အခြေခံဥပဒေဖြစ်သည်။ ယင်းဥပဒေ၏ ပုဒ်မ ၁၀ တွင် နိုင်ငံသားဖြစ်မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြားမရှိရ။ ပြည်ထောင်စု နိုင်ငံသားဟူ၍သာ ရှိရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

 

မည်သူများသည် နိုင်ငံသားဖြစ်ကြောင်း ပုဒ်မ ၁၁ တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားသည် –

 

(က) မြန်မာနိုင်ငံ တိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်းကောင်း၊    


(ခ) မြန်မာနိုင်ငံ တိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော    သို့တည်းမဟုတ် ဖြစ်ခဲ့သောဘိုးဘွားများအနက် အနည်းဆုံးတစ်ဦးမှပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်း သည်လည်းကောင်း၊    


(ဂ) ပြည်ထောင်စုနိုင်ငံ၏ နိုင်ငံသားဖြစ်သော သို့တည်းမဟုတ်  ဤအခြေခံဥပဒေ စတင်အာဏာတည်သောနေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကို ရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်လည်းကောင်း၊    


(ဃ) ဗြိတိသျှဘုရင်၏ အာဏာပြန့်ရာ   နယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေ  စတင်အာဏာတည်သည့်နေ့မှအထက်    သို့တည်းမဟုတ် ၁၉၄၂ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှအထက် အခြားမဲ့သောဆယ်နှစ်အတွင်း ရှစ်နှစ်အောက်မယုတ်သော ကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးပြီးလျှင် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းတွင် ထာဝစဉ်နေထိုင်ရန်ကြံရွယ်ခဲ့သည်ဖြစ်၍ ထို့အပြင် တရားဥပဒေဖြင့် သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့ သတ်မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည် လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရမည်။

 

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

 

၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဒုတိယမြောက် အခြေခံဥပဒေဖြစ်သည်။ ယင်း ဥပဒေပုဒ်မ ၁၄၅ တွင် နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

 

(က)    ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူအားလုံးသည် နိုင်ငံသားဖြစ်သည်၊    


(ခ)    ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများသည်လည်း နိုင်ငံသားများဖြစ်သည်။

 

ထို့အပြင် ပုဒ်မ ၁၄၆ တွင် “နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်” ဟု ပြဋ္ဌာန်းထားသည်။

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တတိယမြောက်အခြေခံဥပဒေဖြစ်သည်။ ယင်းဥပဒေပုဒ်မ ၃၄၅ တွင် “အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည် –


(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ 


(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။ဟူ၍ ပြဋ္ဌာန်းထားသည်/

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ

 

၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေကို  ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေအရ ယခင်က ကျင့်သုံးခဲ့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး) အက်ဥပဒေနှင့် ၁၉၄၈  ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတို့ကိုရုပ်သိမ်းခဲ့သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ သည် ယနေ့ထက်တိုင် တည်ဆဲဥပဒေအဖြစ် ရပ်တည်လျက်ရှိသည်။  နိုင်ငံတော်တွင်ပါဝင်သော  နယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်နှစ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ်အခြေချနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်းနှင့် တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါနိုင်ငံသားဖြစ်ကြောင်း ပုဒ်မ ၃ နှင့် ၅ တွင် ပြဋ္ဌာန်းထားသည်။ တိုင်းရင်းသားမဟုတ်သူများ နိုင်ငံသားဖြစ်ထိုက်ခွင့် ရှိ-မရှိကို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်သည်။

 

မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရနိုင်ငံသား


ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ ပြဋ္ဌာန်းသော နိုင်ငံသားဟူသည် မွေးရာပါတိုင်းရင်းသားနိုင်ငံသားများနှင့် ဥပဒေအရ ဖြစ်လာရသော နိုင်ငံသားများအားလုံးကို ဆိုလိုကြောင်း မြင်တွေ့ရသည်။ သို့ရာတွင် တိုင်းရင်းသားတိုင်းသည်နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် တိုင်းရင်သား မဟုတ်ကြပါ။ မည်သို့ပင်ဆိုစေ မွေးရာပါတိုင်းရင်းသား နိုင်ငံသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများ အားလုံးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏နိုင်ငံသား တစ်မျိုးတည်းသာ ဖြစ်ကြသည်။

 

မူလအခွင့်အရေးနှင့် တာဝန်များတူညီစွာရှိကြသည် 


၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ  ၁၃ တွင် “ဇာတိမရွေး၊ ကိုးကွယ်ရာ ဘာသာမရွေး၊ ယောကျာ်းမိန်းမ မရွေး၊ လူမျိုးမရွေး နိုင်ငံသားဟူသမျှသည် နိုင်ငံတော် တရားဥပဒေအရာတွင် အညီအမျှ သာဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံသားတစ်ဦးနှင့်တစ်ဦးကို သို့တည်းမဟုတ် နိုင်ငံသားလူတန်းစား တစ်စားနှင့်တစ်စားကို တစ်ဖက်သတ်သဘောအတိုင်း ခွဲခြားခြင်းမပြုရ” ဟူ၍ ပြဋ္ဌာန်းထားသည်။

 

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၇ တွင် “နိုင်ငံသားတိုင်း လူမျိုး၊ အဆင့်အတန်း၊ ရာထူးဌာနန္တရ၊ ဆင်းရဲချမ်းသာ၊ ယဉ်ကျေးမှု၊ ဇာတိ၊ ကိုးကွယ်ရာ  ဘာသာ၊ အမျိုးသား အမျိုးသမီးမရွေး ဥပဒေအရာတွင်ခွဲခြားမှုမရှိစေဘဲ တန်းတူညီမျှမှု ရှိစေရမည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ တွင် “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာeန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်း ပြု၍ ခွဲခြားမှုမရှိစေရ” ဟူ၍ ပြဋ္ဌာန်းထားသည်။

 

နိုင်ငံသားစိတ်ဓာတ်မွေးကြရပါမည်

 

ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မွေးရာပါ တိုင်းရင်းသားနိုင်ငံသားများနှင့် ဥပဒေအရဖြစ်သောနိုင်ငံသားများ အားလုံးတို့သည် တန်းတူရည်တူ၊ အညီအမျှ ရရှိခံစား ခွင့်ရှိကြသည်ကို ပြဋ္ဌာန်းခဲ့ကြသည်။ ထိုနည်းတူစွာပင်နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင်ပြဋ္ဌာန်းထားပြီး ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပုဒ်မ ၃၈၃ မှ ပုဒ်မ ၃၉၀ အထိ သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်းတာဝန်များကို မွေးရာပါတိုင်းရင်းသားနိုင်ငံသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအားလုံး မခွဲမခြား၊ တူတူညီညီ ကိုယ်စီကိုယ်စီလိုက်နာ စောင့်ထိန်းကြရန် တာဝန်ရှိသည်။

 

ဤသို့ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံးတို့သည် မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့၊ သာယာဝပြောဖို့၊ ထာဝစဉ် ငြိမ်းချမ်းစေဖို့၊ ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်သည့် နိုင်ငံတော်ကြီးဖြစ်ဖို့အတွက် နိုင်ငံသားစိတ်ဓာတ် ရှိကြရပါမည်။ နိုင်ငံသားစိတ်ဓာတ် ပြုစုပျိုးထောင် မွေးမြူကြရပါမည်။

 

နိုင်ငံသားစိတ်ဓာတ်ဟူသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေများက ညွှန်းဆိုဖော်ပြထားချက်များကို ထောက်ရှု၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံသားများ အားလုံးတို့သည်  တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်မှု၊ အလေးထားမှု၊ ရိုသေလေးစားမှု၊ ချစ်ခင်ကြင်နာမှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိဘဲနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အစဉ်ထာဝရ သစ္စာစောင့်သိသည့် စိတ်ဓာတ်ရှိခြင်းသည်ပင်လျှင် နိုင်ငံသားစိတ်ဓာတ်ဟူ၍ ဖော်ညွှန်းလိုက်ပါရစေ။


-   မွေးရာပါတိုင်းရင်းသား နိုင်ငံသားများ မိမိကိုယ်ကိုဂုဏ်ယူတတ်ကြပါစေ၊  
-   ဥပဒေအရဖြစ်သော နိုင်ငံသားများဥပဒေနှင့်အညီသာ ဖြစ်ခွင့်ရှိကြပါစေ၊ 
-  နိုင်ငံသားတိုင်း နိုင်ငံသားစိတ်ဓာတ် အားကောင်းခိုင်မာပြီး အစဉ်ထာဝရသစ္စာစောင့်သိနိုင်ကြပါစေ။

 

မောင်စာဂ