ဖျာပုံတွင် ရိုးရာလက်မှုပညာ ငါးရှဉ့်မြှုံးလုပ်ငန်းဖြင့် မိသားစု အသက်မွေးဝမ်းကျောင်း အဆင်ပြေ

ဖျာပုံ ၂၂ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ရှမ်းကွင်းကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် မိသားစု လက်မှုပညာ ငါးရှဉ့်မြှုံး ရက်လုပ်သည့် လုပ်ငန်းဖြင့် မိသားစုဝင်(၈)ဦးစားဝတ်နေရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းအတွက် အဆင်ပြေနေရုံသာမက ကျေးရွာအတွင်းရှိ အမျိုးသမီး တစ်ချို့အတွက်ပါ တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိနေကြောင်း သိရသည်။

"ကျွန်မတို့က ငါးရှဉ့်မြှုံးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်၊ ငါးရှဉ့်မြှုံးက ဘယ်လိုမျိုးလုပ်လည်းဆိုတော့ ကျွန်မတို့ ရက်လုပ်မယ့် ဝါးတွေကို စက်လှေနဲ့ သွားဝယ်ရပါတယ်။ ဝါးရတဲ့အခါကြတော့ အရင်ဆုံး ခွဲစိတ်ရပါတယ်၊ နောက် နှီးဖြာပြီးတော့ မြှုံးရက်ဖို့အတွက် နန်းဆွဲရပါတယ်။ နန်းဆွဲပြီး နှီးချောသွားတော့မှ မြှုံး ရက်လုပ်ဖို့အတွက် အရင်ဆုံး မြှုံးကလေးကို ဖင်ကပ်လေးထိုင်ရပါတယ်။ ထိုင်ပြီးတော့ အိုကလေးတည်ပြီး ကြောင်လိမ်လေးတပ်ရပါတယ်။ ကြောင်လိမ်လေးတပ်ပြီးတော့မှ ဇက်ကို တပ်ရပါတယ်။ ဇက်ကိုတပ်ပြီး မြှုံးရဲ့ နှုတ်ခမ်းသိမ်းပြီးရင် မြှုံးတစ်ခုဖြစ်သွားပါတယ်။ ဝါးတစ်တစ်လုံးကို ငွေတစ်ထောင်ကျပ်ကနေ အစားစားပေးဝယ်ရပါတယ် ဝါးတစ်လုံးကို ပျမ်းမျှတွက်မယ်ဆိုရင် ကြီးတဲ့ဝါးဆိုရင် မြှုံး(၁၀) လုံးကနေ (၁၅)လုံးရပါတယ်။ သေးတဲ့ဝါးဆိုရင်တော့ မြှုံး (၄)လုံးကနေ (၉)လုံးအတွင်းပဲရပါတယ်၊ ရက်လုပ်လို့ရလာတဲ့ မြှုံးတွေကိုတော့ ဖျာပုံခရိုင်အတွင်းနဲ့ အခြားနယ်တွေက လာဝယ်တဲ့သူတွေကို တစ်လုံး (၇၀ဝ)ကျပ်နဲ့ရောင်းပါတယ်။ ရက်လုပ်သူနည်းရင်တော့ (၁၀)ရက်လောက်နေမှ မြှုံး(၁၀ဝ)လုံးလောက်သာပြီးပါတယ်။ လူများရင်တော့ (၁၀) ရက်လောက်ဆို မြှုံး (၂၀ဝ)ကျော် ပြီးပါတယ်လို့'' မိသားစု ငါးရှဉ်မြှုံး လုပ်ကိုင်နေသူ မတင်နီလာဝင်းက ပြောသည်။



ရှမ်းကွင်းကျေးရွာရှိ အမျိုးသမီးတစ်ချို့သည် ငါးရှဉ့်မြှုံး တစ်လုံးပြီးလျှင် အငှားရက်လုပ်ခ တစ်လုံးလျှင် ငွေကျပ် (၇၀)ကျပ်ဖြင့် ရက်လုပ်နေရသောကြောင့် ကိုယ်ရက်လုပ်နိုင်လျှင် ရက်လုပ်နိုင်သည့် ဝင်ငွေရရှိနေကာ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။



"ကျွန်မက အငှားလက်ခဖြင့် ငါးရှဉ့်မြုံး ရက်လုပ်ပါတယ်။ မနက်(၇)နာရီမှ ည(၁၀)နာရီအထိ တစ်နေ့ကို အလုံး (၅၀)ပြီးပါတယ်။ တစ်လုံးကို လက်ခငွေကျပ်(၇၀)ကျပ်ရတော့ တစ်နေ့ကို ငွေကျပ်(၃၅၀ဝ)ကျပ်ရရှိပါတယ်။ တစ်ဘက်တစ်လမ်းက ဝင်ငွေရတော့ ကျွန်မ မိသားစု အဆင်ပြေပါတယ်လို့ ''ငါးရှဉ့်မြှုံးရက်လုပ်နေသူ မဝါဝါမိုးက ပြောသည်။



"ငါးရှဉ့်ထောင်မယ့်နေရာကို မြေယက်ပြီးထောင်လိုက်တာပေါ့၊ ငါးရှဉ့်မြှုံးထဲကို အစာထည့်ပြီး ထောင်ထားပြီးတော့မှ မနက်မိုးလင်းတော့ ထောင်ထားတဲ့ မြှုံးတွေကို သွားဖော်ရပါတယ်၊ ငါးရှဉ့်ရတဲ့ မြှုံးကတော့ ပလိုင်းထဲကိုထည့်ယူလာပြီး မရတဲ့ မြုံးကိုတော့ ထမ်းဖိုးနဲ့ ချိတ်ယူလာတာပေါ့လို့'' ငါးရှဉ့်ဖမ်းသူ ဦးကျော်ဦးက ပြောသည်။



ငါးရှဉ့်မြှုံးလုပ်ကိုင်နေသည့် မိသားစုတစ်စုတွင် နဝမတန်းကျောင်းသားတစ်ဦး၊ ပဉ္စမတန်းကျောင်းသားတစ်ဦးနှင့် တတိယတန်း ကျောင်းသားတစ်ဦးရှိကာ ကျန်မိသားစုဝင် (၅)ဦးသည် ငါးရှဉ့်မြှုံးရက်သည့်လုပ်ငန်းမှ တစ်နေ့လျှင် ဝင်ငွေ(၁၅၀ဝ၀)ကျပ်ခန့် ရရှိနေသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငါးရှဉ့်မြှုံးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းသာမက မြန်မာနိုင်ငံအနှံအပြား၌် ငါးရှဉ့်ထောင်ရာတွင် ရှေ့နှစ်ပေါင်းများစွာက ရက်လုပ်အသုံးပြုနေသော ရိုးရာလက်မှုပညာကိရိယာ တစ်ခုဖြစ်ကြောင်း သိရသည်။

ကျော်စိုးမိုး