ပေါင်မြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပ

ပေါင်  ၁၅ ဇန်နဝါရီ


မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း အသိပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

    
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ကြည်က “ ရောဂါနုစဉ်မှာဆိုရင် ချမ်းတုန်ဖျားခြင်း၊ ယားယံ၍အင်ပြင်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ ချောင်းဆိုးရင်ကျပ်ခြင်း၊ အကျိတ်များယောင်ခြင်း၊ ဝှေးစေ့များယောင်၍ အောင့်ခြင်း၊ နာခြင်း၊ ခြေ/လက် တစ်ဖက်နှစ်ဖက် နီရဲ၊ ပူလောင်၊ ရောင်ရမ်း၍နာခြင်း၊ ကပ်ပယ်အိတ်(မုတ္တ)ကြီးခြင်း၊ ဆန်ဆေးရေကဲ့သို့ အဖြူရောင် ဆီးပျစ် သွားခြင်း၊ ဆီးထဲသွေးပါခြင်း၊ စသည့်လက္ခဏာများ စတင်ဖြစ်ပွားတတ်ပြီး ရောဂါရင့်လာပါက ခြေ လက် ရင်သား စသည်တို့ တစ်ဖက်ကနေ နှစ်ဖက်လုံးကြီးလာပြီး နောက်ဆုံးတွင် ဆင်ခြေထောက်အသွင်ဖြစ်လာကြောင်းကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းပြသည်။


ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲရှိသော သန်ကောင်ကြောင့် ဖြစ်ပွားတက်ပြီး ခြင်ကိုက်ခြင်းမှ ကူးစက်နိုင် ကြောင်း၊ ဆင်ခြေထောက်ရောဂါပိုး သယ်ဆောင်သောခြင် Cx.Quniquefasciatus သည် ရေပုပ်ရေသိုးများ၊ ရေစီးရေလာ မကောင်းသည့် ရေမြောင်းပုပ်များ၊ ရေဆိုးကျင်းများ၊ လုံခြုံမှုမရှိသော အိမ်သာကျင်းများနှင့် မြေအောက်မြောင်းများတို့တွင် ပေါက်ပွားတက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ အသိပေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တက် ရောက်ခဲ့ကြပြီး ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းကာ စတင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုဟိန်း(ပေါင်)

 

ာိည