ပေါင်မြို့နယ်တွင် ဟိုက်ဂျက်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်ပေါ်ပါသူ ၆ ဦးစလုံး ထိခိုက်ဒဏ်ရာများရရှိ

ပေါင် ၁၆ ဇွန် 

သထုံခရိုင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဟိုက်ဂျက်မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူ ၆ ဦး နာကျင်ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီခန့်က ပေါင်မြို့ မိုးနိုင်းရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမ၊ စွယ်တော်ပိုင်း၊ ကားလမ်းမကြီးမှ(၆၆)ပေအကွာ ဦးတင်စိုးကုန်စုံဆိုင်ရှေ့ ရေမြောင်းကြားတွင် ယာဉ်မောင်း ဦးအောင်အောင် ၃၉ နှစ် မောင်းနှင်လာသော ဟိုက်ဂျက်မော်တော်ယာဉ်ပေါ်တွင် ဦးစာရ (ဝါတော်-၃လ၊ သက်တော်- ၂၈ နှစ်)၊ မောင်ပြည်ထက်ဦး ၁၈ နှစ် ပေါင်မြို့နယ်(လိပ်စာတူ)၊ ဦးဝင်းလှိုင် ၃၆ နှစ်၊ မအေးစိုး ၃၅ နှစ်၊ မမင်းမင်းဖြိုး ၂ နှစ် ချောင်းဆုံမြို့နယ်(လိပ်စာတူ)၊ ဒေါ်သောင်းရင်း ၅၇  နှစ် ကျိုက်မရောမြို့နယ်နေသူတို့ လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ ယာဉ်တိမ်းမှောက်ခဲ့ရာမှ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူ ၆ ဦးတို့မှာ နာကျင်ပွန်းပဲ့ထိခိုက်ဒဏ်ရာအသီးသီး (အတွင်းလူနာ-မစိုးရမ်ရ)ဖြင့်  ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

ကိုဟိန်း( ပေါင် )