ပေါင်းစည်းဆက်နွှယ်မှုဖြင့် ဖွံ့ဖြိုးမှုမြှင့်တင်

၁၈ ဇွန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီးနောက် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ဗန်ကောက်မြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၉)ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါအစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ထုတ်ပြန်ခဲ့သည်။ ထိပ်သီးဆွေးနွေးပွဲများသို့ နိုင်ငံတော်သမ္မတ တက်ရောက်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ပေါင်းစည်းဆက်နွှယ်မှုဖြင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ (၈)ကြိမ်မြောက်(အက်မက်စ်) ထိပ်သီးအစည်းအဝေးကို “ပေါင်းစည်းဆက်နွှယ်မှုရှိသည့် မဲခေါင်အသိုက်အဝန်းတစ်ခု တည်ထောင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ (၉)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို “စီးပွားရေးပေါင်းစည်းမှုနှင့် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုမြှင့်တင်ရေးသို့”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

 

ထိုသို့ ရည်ရွယ်ချက်ခေါင်းစဉ်များပါအတိုင်း အစည်းအဝေးများတွင် နိုင်ငံ့ခေါင်းဆောင်များက ပေါင်းစည်းဆက်နွှယ်မှုရှိသည့် မဲခေါင်အသိုက်အဝန်းတစ်ခု တည်ထောင်နိုင်ရေးကို ရှေးရှုဖော်ဆောင်နိုင်ခဲ့သည်။ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် ဆက်သွယ်ချိတ်ဆက်မှုတို့ကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်သမ္မတသည် အစည်းအဝေး၌ အက်မက်စ် ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား သုံးသပ်ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတက အက်မက်စ်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃)ပါ အခြေခံအဆောက်အအုံနှင့် အဖွဲ့အစည်းဆိုင်ရာ ပေါင်းစည်းဆက်သွယ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပ တ်သက်သည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးစသည့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

 

စီအယ်လ်အမ်ဗွီအစည်းအဝေးတွင် နိုင်ငံတော်သမ္မတသည် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သုံးသပ်ခဲ့ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့အပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အစည်းအဝေး၌ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှုတွင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်သွယ်မည့် ကားလမ်းဖောက်လုပ်ရေး အတွက် ဖြစ်နိုင်ခြေ လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီမံချက်ပါဝင်သည်။

 

အက်မက်စ်ထိပ်သီးအစည်းအဝေး၌ အက်မက်စ် လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃)နှင့် ဗန်ကောက် ကြေညာစာတမ်းတို့ကို ထုတ်ပြန်ကြေညာခဲ့သည်။ အက်မက်စ်လုပ်ငန်းစီမံချက်အသစ်အရ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အကြား ကုန်းလမ်းဆက်သွယ်မှုတိုးမြှင့်ရန်၊ မဲခေါင်နိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရေး အတွက် အခြေအနေကောင်းများ ဖန်တီးပေးရန်နှင့် မဲခေါင်နိုင်ငံများအကြား ကမ္ဘာလှည့်ခရီးသွားများ ခရီးသွားလာမှု ပိုမိုလွယ်ကူစေရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန်တို့ ပါဝင်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်နှင့် နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးခဲ့သည့် အက်မက်စ်နှင့် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေးများမှ မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများပေါ်ထွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပေါင်းစည်းဆက်နွှယ်မှု ပိုမိုမြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။