ပြောင်းလဲတိုးတက်တဲ့ ICTနည်းပညာကို အမီလိုက်နိုင်ဖို့ ခေတ်နဲ့အညီ Myanmar Digital News ကို ထူထောင်ရတာ ဖြစ်ပါတယ်

နေပြည်တော် ၁၁ ဇန်နဝါရီ

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ထုတ်ဝေသည့် မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar သတင်းစာများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကမ္ဘာတစ်ဝန်းမည်သည့်နေရာမှမဆို ဖတ်ရှုလေ့လာနိုင်မည့် Myanmar Digital News မိုဘိုင်းအက်ပလီကေးရှင်းနှင့် သတင်းပေါ်တယ် ထွက်ပေါ်လာကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Megalink Advanced Technology ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း၍ Myanmar Digital News မိုဘိုင်းအက်ပလီကေးရှင်းနှင့် သတင်းပေါ်တယ် စတင်ထုတ်လွှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၄ နာရီက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူအချို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်-

ဦးကျော်စိုး
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန

mdn

ဒီနေ့ကျင်းပတာကတော့ ကျွန်တော်တို့ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းနဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Megalink Advan-ced Technology ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ Myanmar Digital News စတင် ထုတ်လွှင့်မိတ်ဆက်တဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်၊ အဓိက အနေနဲ့ကတော့ နှစ်ချက်ပေါ့၊ ပြောင်းလဲတိုးတက်လာတဲ့ Infor-mation and Communications Technology (ICT) နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ Print Media တွေထက် ဒီဘက်ကို ပိုအာရုံစိုက်လာတာတွေ များလာတယ်။

ကျွန်တော်တို့ နဂိုမူလအနေနဲ့ Print Media ကတော့ မြန်မာ့အလင်း၊ ကြေးမုံ၊ ွှ The Global New Light of Myanmar နေ့စဉ်သတင်းစာတွေ ထုတ်တယ်၊ ဒါကတော့ Print Media ဖြစ်ပါတယ်၊ သတင်းခေတ်ကို ရောက်လာတဲ့အခါ ပြောင်းလဲတိုးတက်တဲ့ ICT နည်းပညာဘက်ကို အမီလိုက်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဒီ Myanmar Digital News ကို ထူထောင်ရတာ ဖြစ် ပါတယ်။
အဓိကကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ထုတ်တဲ့ သတင်းစာ တွေကို ကမ္ဘာအရပ်ရပ် ဘယ်နေရာကပဲဖြစ်ဖြစ် အချိန်နဲ့ တစ်ပြေးညီ တယ်လီဖုန်း၊ တက်ပလက်တို့ကနေ ဖတ်လို့ရအောင် လုပ်ပါတယ်၊ ဒါ့အပြင် ပေါ်တယ်ကိုပါ တည်ဆောက်တယ်၊ ပေါ်တယ် တည်ဆောက်ရာမှာလည်း မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ နှစ်မျိုးထည့်သွင်းထုတ်လုပ်မှာ ဖြစ်ပါ တယ်၊ ပေါ်တယ်ဆိုတဲ့အတိုင်း သူ့ရဲ့ ံHome Page မှာ ခေါင်းစဉ် တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ တိုင်းရင်းသားရေးရာ ဒါမျိုးတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထည့်သွင်းပေးထားပါတယ်၊ နည်းပညာအရ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေပါ အားသာချက်တွေ တော်တော်များကို ထည့်သွင်းထားပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ စတင် မိတ်ဆက်ပြီး ဒီနေ့ကစပြီး ၂၄ နာရီစလုံး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ကျွန်တော်တို့ ပြန်ကြား ရေးဝန်ကြီးဌာနရဲ့ Mission ဖြစ်တဲ့ ပြန်ကြားပေးရန်၊ ဖျော်ဖြေ ပေးရန်၊ ပညာပေးရန်ဆိုတဲ့ ရည်မှန်းချက် သုံးချက်ကို တစ်တပ် တစ်အား ကျွန်တော်တို့ရဲ့ ကဏ္ဍကနေ တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ မူလတာဝန်မှာ ကတည်းက ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအနေနဲ့ ပြည်သူကို ပြန်လည်တင်ပြဖို့ရှိတာ၊ အလားတူပဲ ပြည်သူကလည်း ကိုယ်ရွေးချယ်ထားတဲ့ အစိုးရကို သိစေချင်တဲ့ Message ပေးချင်တာမျိုးကို ကျွန်တော်တို့ရဲ့ ဌာနက ပေါင်းကူးတံတား အဖြစ် ချိတ်ဆက်ဆောင်ရွက်တင်ပြပေးပါတယ်၊ နဂိုကတော့ Print Media လောက်နဲ့ လုပ်နိုင်ပါတယ်၊ Print Media ဆိုတာကတော့ ဒီနေ့လုပ်ရင် မနက်ဖြန်မှ သိရတယ်၊ အခုလုပ်တဲ့ ဟာက အချိန်နဲ့တစ်ပြေးညီ စာဖတ်ပရိသတ်ကိုရော၊ ကြည့်ရှုတဲ့ ပရိသတ်ကိုရော၊ ပြည်သူကိုရော ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် အတိုင်း ဝန်ဆောင်မှုပေးသွားနိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော် တို့အနေနဲ့ ဝမ်းသာပါတယ်၊ သို့သော် ကျွန်တော်တို့ လုပ်ငန်း ဟာ နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာအနေနဲ့ နေ့စဉ်နေ့စဉ် ပြောင်းလဲလာတာဖြစ်တဲ့အတွက် ပြည့်စုံတယ်လို့တော့ မယူဆ သေးပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ Web Portal ရော၊ အက်ပလီကေးရှင်းတွေရော ဝင်ရောက်ကြည့်ရှုပေးကြပါ၊ ဝေဖန် ပေးပါ၊ သုံးသပ်ပေးပါ၊ အပြုသဘောနဲ့ အကြံပြုထောက်ပြပါ၊ အကြံပြု ချက်တွေကို ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစား အားထုတ်လုပ်ဆောင်သွားမှာပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

 

ဦးဟန်လင်းအောင်(ခေတ္တညွှန်ကြားရေးမှူး-သတင်း)
Myanmar Digital News တာဝန်ခံ
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန

mdn

ဒီအခမ်းအနားမှာ ကျွန်တော်တို့အနေနဲ့ Myanmar Digital News နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ သိအောင် လုပ်ပေးမယ်၊ လုပ်ပေးတဲ့နေရာမှာ ဘာကို အဓိကထားလဲဆိုတော့ သတင်းတွေကို အဓိကထား လုပ်ပေးပါတယ်၊ သတင်းဆိုတဲ့ နေရာမှာ သတင်းမှန်တွေကို မြန်မြန်ဆန်ဆန် သိဖို့လိုတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ အချိန်နဲ့တစ်ပြေးညီ ချပြမယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ဒီလိုလုပ်နေတာတွေကို ပြည်သူ တွေသိပြီး ပြည်သူတွေအနေနဲ့ သတင်းတွေကို ဘယ်လိုယူရမယ်၊ ဘယ်ကနေ ရရှိတယ်ဆိုတာတွေကို သိလာတဲ့အခါကျတော့ ဒါတွေဟာ ပြည်သူတွေအတွက်ဆိုတာကို သိစေချင်လို့ အဓိက ထားလုပ်တာဖြစ်ပါတယ်၊ အဲ့ဒီလိုလုပ်ပေးတဲ့ နေရာမှာလည်း ကျွန်တော်တို့ ကဏ္ဍတွေ အများကြီးလုပ်ပေးထားပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နောက်ပြီး တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ရိုးရာယဉ်ကျေးမှုဓလေ့၊ အစားအသောက်တွေ လူနေမှုဘဝ ပုံစံလေးတွေကိုပါ စုံလင်အောင်နဲ့ ရသစုံပေးနိုင် အောင် လုပ်ပေးထားပါတယ်၊ ဒါတွေကို မြန်မာဘာသာ တစ်ခု တည်းမဟုတ်ဘဲ အင်္ဂလိပ်ဘာသာနဲ့ပါ ရေးထားပြီးတော့မှ ပြည်ပ မှာရှိတဲ့ နိုင်ငံခြားသားတွေလည်း ကြည့်ဖို့၊ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံခြားသားတွေလည်း သိနိုင်ဖို့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာရှိ တဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေရယ်၊ လက်ရှိဖြစ်နေတဲ့ အဖြစ် အပျက်တွေ၊ အဖြစ်မှန်တွေကို သိဖို့အတွက်ကို ကျွန်တော်တို့ Digital Onlineကနေတစ်ဆင့် သိနိုင်အောင် ကျွန်တော်တို့ ဒီနေ့မှာ စတင်မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ လူငယ်တွေ တော်တော်များများကလည်း မိုဘိုင်းကိုယ်စီနဲ့ သတင်းကို မိုဘိုင်းကနေ ရယူကြတယ်၊ မိုဘိုင်း ကနေ ဖြန့်ဝေကြ တယ်၊ ဒါတွေက မိုဘိုင်းယဉ်ကျေးမှုတစ်ရပ်လို ဖြစ်လာတယ်၊ ဒါကြောင့် အရင်လိုPrint Media တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး၊ မလုံလောက်တဲ့အတွက်ကြောင့် ကျွန်တော် တို့ Online Media ကနေသွားဖို့ လိုပြီ၊ လက်ရှိကမ္ဘာ့နိုင်ငံတွေ ကြည့်လိုက်ရင် အကုန်လုံးနီးပါးလောက်က Online နဲ့ပဲ သတင်း ရယူတာတွေ၊ သတင်းဆောင်ရွက်တာတွေ ဒါတွေအားလုံးကို လုပ်ဆောင်နေတာဖြစ်တယ်၊ ကျွန်တော်တို့လည်း အခုဒါတွေ အားလုံးကို လုပ်ဆောင်နေပြီဖြစ်တယ်၊ လက်ရှိဆောင်ရွက်ထား တဲ့ Myanmar Digital News Online ရဲ့ စီးဆင်းမှုက တော်တော်လေးကို မြန်ဆန်သွားမယ်လို့ ယူဆပါတယ်။

 

ဒေါ်အေးနှင်းညို
(အယ်ဒီတာ) အင်္ဂလိပ်ပိုင်းအစီအစဉ်
Myanmar Digital News

mdn

ကျွန်မတို့ရဲ့ သတင်းအရင်းအမြစ်တွေအားလုံး ပြန်ကြားရေး ဝန်ကြီးဌာနအောက်မှာရှိနေတဲ့ တစ်နိုင်ငံလုံးက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းတွေ၊ နောက်ပြီး သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း လက်အောက်မှာရှိတဲ့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာက သတင်းတွေကိုလည်း ယူပြီးသုံးကြတယ်၊ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ဘယ်သတင်းတွေကိုပဲသုံးသုံး လိုအပ်ရင် အဲ့ဒီသတင်းထောက်ကို ပြန်ဆက်သွယ်ပြီး မေးတယ်၊ ဒါက ကျွန်မတို့ရဲ့ ပူးပေါင်း လုပ်ဆောင်မှု တစ်ခုပါ၊ နောက်တစ်ခုက ကျွန်မတို့ဆီမှာ ကိုယ်ပိုင်သတင်းထောက်တွေ ရှိတယ်၊ ကိုယ်ပိုင် သတင်းထောက်တွေဆီကနေ ယူတာလည်း ရှိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ကနေ Digital သတင်းစာတစ်စောင်ထွက်လာပြီ၊ ဘာကိုရည်ရွယ်လဲဆိုတော့ မြန်မာနိုင်ငံထဲက အထူးခြားဆုံးသတင်းတွေကို မြန်မာလို ဆောင်ရွက်ပေးတယ်၊ အင်္ဂလိပ်အပိုင်းမှာဆိုရင် မြန်မာနိုင်ငံ ကအကြောင်းတွေကို ကျွန်မတို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ နိုင်ငံတကာကို ဆက်သွယ်သွားမယ်၊ အဲဒီကနေ ပြန်လာမယ့် အသံတွေကို ကျွန်မတို့ နားထောင်ပြီး လိုအပ်တဲ့ဟာတွေကိုလည်း ကျွန်မတို့ ပြုပြင်သွားမယ်။

 

ဦးမောင်ဟိန်း
ဒါရိုက်တာ
Megalink Advanced Technology ကုမ္ပဏီ

mdn

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတွေကို အင်တာ နက်ပေါ်မှာ အက်ပလီကေးရှင်းနဲ့ ဖတ်လို့ရအောင် လုပ်ချင်တယ် ဆိုပြီး တင်ဒါခေါ်ယူတဲ့အချိန်မှာ ကျွန်တော်တို့ တင်ဒါဝင်ပြိုင် ပါတယ်၊ အားလုံးပြိုင်တဲ့အထဲမှာ ကျွန်တော်တို့ အရွေးခံရတယ်၊ ကျွန်တော်တို့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက် တွေနဲ့ ညှိနှိုင်းပြီးတော့ ဒီအက်ပလီကေးရှင်းကို ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်၊ ဒီလို ပြုလုပ်ပေးခြင်းဟာ တိုင်းပြည်အတွက် တစ်ဖက် တစ်လမ်းကနေ ကူညီရာလည်းရောက်ပါတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနအတွက်လည်း ဘာတွေအကျိုးရှိလာနိုင်လဲဆိုရင် အခုချိန်အထိ မြန်မာပြည်ထဲမှာ နေ့စဉ်ထုတ်သတင်းစာတွေ နေ့ချင်းပေါက် မရောက်ဖြစ်တဲ့ နေရာတွေ ရှိနေသေးတယ်၊ ဒါပေမယ့် အခုချိန်မှာ အင်တာနက်ကနေ တော်တော်များများ ရနေပြီဆိုတော့ ဒီလိုမျိုးနေရာက လူတွေအားလုံး သတင်းစာ တွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်လို့ရမယ်၊ နောက်ပြီး ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေဖတ်လို့ရမယ်၊ အင်္ဂလိပ်အစီအစဉ်လည်း ထည့်ပေးထားတာဖြစ်လို့ နိုင်ငံခြားသားတွေလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ မြန်မာပြည်ရဲ့ အကြောင်းအရာတွေကို သူတို့ လေ့လာလို့ရမယ်၊ နောက်ပြီး နိုင်ငံခြားသတင်းဌာနတွေ ပြောနေ တာမျိုးတွေချည်း မဟုတ်ဘဲနဲ့ မြန်မာပြည်ထဲကနေ အစိုးရရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ကြီးဌာနက ပြောတဲ့အသံတွေကို သူတို့ ကြားလို့ရမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

 

ဦးအောင်ရှင် (မုံရွာ အောင်ရှင်)
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး

mdn

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ Megalink Advanced Technology ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက် တယ်လို့ သိရတယ်၊ အစိုးရနဲ့ ပုဂ္ဂလိကတို့ ဒီလိုပူးပေါင်းဆောင်ရွက် တာ ကောင်းတဲ့အလားအလာပါပဲ၊ နောက်လည်း ဒီလိုပဲပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ အစိုးရမှာ Technologyက အတော်အသင့်ရှိတယ်၊ အပြင်မှာTechnology အပိုင်းမှာ အများကြီးမြင့်လာတယ်၊ ဒီလိုနှစ်ခုကို ပေါင်းစပ်တာက ပိုပြီးတော့ တိုင်းပြည်အတွက်ရော၊ ပြည်သူလူထုအတွက်ရော အကျိုးရှိတယ်။

နောက်တစ်ချက်ကတော့ ဒီလို Online မီဒီယာတွေ များများပေါ်လာရင် တော်တော်များများကို ပျံ့နှံ့အောင် လုပ်နိုင် တဲ့ အနေအထားရှိတယ်၊ ဒီခေတ်က Online ခေတ်ရောက်လာပြီ၊ ဒါကြောင့် Online ကဆို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင် မယ်၊ နောက်တစ်ချက်အနေနဲ့ သတင်းပိုင်းပါ၊ သတင်းဆိုတာက မြန်ဆန်မှုက သိပ်အရေးကြီးတယ်၊ ဒီနေ့ခေတ်မှာကတော့ သိကြ တဲ့အတိုင်းပဲ အင်အားကြီးတာက အင်အားသေးတာကို နိုင်တယ်၊ မြန်တာက နှေးတာကိုနိုင်တယ်၊ Print Media ကတော့ ပုံမှန်သွားနေမယ်၊ သို့သော် မြန်တဲ့ခေတ်ရောက် လာတော့ Online မီဒီယာကတော့ အများကြီး မြန်သွားတာ ပေါ့၊ ဒါကလည်း သဘာဝကျပါတယ်၊ ပြောင်းသွားတဲ့ခေတ်နဲ့ အညီ Online Media ကို လုပ်နိုင်တာက ဘာပဲဖြစ်ဖြစ် ပြည်သူ လူထုအတွက်တော့ အများကြီးအကျိုးရှိတယ်လို့ ပြောလို့ ရပါတယ်။ ။

တွေ့ဆုံမေးမြန်း-တင်မောင်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မောင်မွှေး