ပြောင်းလဲချိန်မှာ တိုးတက်လာတဲ့ မန္တလေး

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အပြောင်းအလဲကို မြို့သူ မြို့သားတွေ ပထမဆုံး သတိပြုလိုက်မိတာကတော့ ၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရပြောင်းလဲပြီးနောက် စတင်ကျင်းပတဲ့ သင်္ကြန်မှာဖြစ်ပါတယ်။

မန္တလေးသင်္ကြန်ဆိုတာ နိုင်ငံအနှံ့ကလာပြီးနွှဲကြတဲ့ပွဲ။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာနိုင်တဲ့ပွဲ။ သင်္ကြန်ပြီးသွားရင် မြို့က စစ်ပြီးစမြို့ပျက်လို အမှိုက် သရိုက်တွေက မြင်မကောင်းအောင် သိသာမြင်သာ ရှုပ်ပွညစ်ပေကျန်ရစ်လေ့ ရှိပါတယ်။ ၂၀၁၆ ခုနှစ် သင်္ကြန်ရက်အကြိုညမှာ မီးကုန်ယမ်းကုန်ပျော်ကြပါးကြပြီး နောက်နေ့ သင်္ကြန်အကျနေ့မြို့ထဲထွက်လာကြသူတွေဟာ တွေ့ရမြင်ရတဲ့ မြင်ကွင်းက ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်စရာ၊ နေရာတကာ (အထူးသဖြင့်) ကျုံးမြို့ရိုးဘေး လေးဘက်လေးတန်မှာ အမှိုက်တွေမရှိဘဲ သန့်ရှင်းနေတာပါပဲ။

အစိုးရသစ်က ဒေါက်တာရဲလွင်ကို မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ပေးပါတယ်။ (၅-၄-၂၀၁၆) ရက်မှာ ဒေါက်တာရဲလွင် မြို့တော်ဝန်တာဝန်ကို စတင်ထမ်းဆောင်တယ်။ တာဝန်ယူတာ ၁၀ ရက်မပြည့်မီမှာ မြို့တော်ဝန်အသစ် ပထမဆုံးလုပ်တာက မြို့တော်သန့်ရှင်းရေးဖြစ်ပါတယ်။ (အဲဒီအချိန်က) မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှူး ဦးခင်အောင်ကို သင်္ကြန်တွင်းမှာ အမှိုက်သရိုက်တွေ "လင်းပြောင်" စနစ်လုပ်ချင်တယ်လို့ မှာကြားတယ်။ သင်္ကြန်ကို ပျော်ပျော်ကြီးနွှဲရင်း စည်းမဲ့ကမ်းမဲ့ ပစ်ချင်တိုင်းပစ်ခဲ့ကြတဲ့ အမှိုက်တွေကို မြို့တော်သန့်ရှင်းရေးဌာနက အများပြည်သူတွေ အိပ်စက် အနားယူနေကြတဲ့အချိန် ညဉ့်နက်သန်းခေါင်သန်းလွဲမှာ အင်တိုက်အားတိုက် သန့်ရှင်းရေးလုပ်လိုက်ကြတဲ့အတွက် မနက်လင်းတော့ ပြောင်တလင်းခါလို့ သန့်စင်နေတာမြင်ရပါတယ်။ ဒါကို မြို့တော်သူ မြို့တော်သားတွေက သတိပြုမိတယ်။

တန်ဖိုးထား အသိမှတ်ပြု

သန့်ရှင်းရေးဝန်ထမ်းတွေ မအိပ်မနေ ဒီလိုကြိုးပမ်းမှုကို မြို့တော်ဝန်က အသိအမှတ်ပြုတယ်။ အောက်ခြေအဆင့် တံမြက်စည်းလှဲ၊ အမှိုက်ကျုံး ဝန်ထမ်းတွေကအစ တန်ဖိုးထားပြီး ချီးကျူးစကားပြောတယ်။ ခံစားသင့်တဲ့ ခံစားခွင့်တွေပေးတယ်။ လမ်းဘေးမှာ မနက်ဝေလီဝေလင်း အမှိုက်ထလှဲနေတဲ့ သန့်ရှင်းရေးအလုပ်သမက သူဝတ်ဆင်ထားတဲ့ထဘီဟာ မြို့တော်ဝန်ကြီးက ဂုဏ်ပြုလက်ဆောင်ပေးထားတာလို့ ယခုအထိ တမြတ်တနိုး ဂုဏ်ယူပြီး ပြောနေဆဲဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ကောင်းမွန်တဲ့ လုပ်ကိုင်ဆောင်ရွက်ချက်ကို အသိအမှတ်ပြုခံရရင် ကျေနပ်မြဲပါ။ မြို့တော်ဝန်က မြို့တော်သန့်ရှင်းရေးဌာန ဝန်ထမ်းတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုကို တန်ဖိုးထား အသိမှတ်ပြုပေးပြီးတဲ့နောက်မှာ ဝန်ထမ်းတွေဟာ လုပ်ငန်းထဲ စေတနာပိုထားပြီး ကြိုးစားလုပ်ကိုင်လာ ကြတယ်။ အဲဒီနောက်မှာတော့ မန္တလေးကို မရောက်တာ ကြာတဲ့သူတွေ မန္တလေးကိုရောက်လာတဲ့ ဧည့်သည်တွေက "မန္တလေးဟာ သိသိသာသာ တိုးတက်ပြောင်းလဲပြီး သန့်ရှင်းတယ်" လို့ တစ်လေသံတည်း ပြောလာကြတော့တာပါပဲ။

၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အသစ်တွေ ပြောင်းလဲတာဝန်ခွဲဝေပေးအပ်ရာမှာ ဒေါက်တာသစ်ဆင်းကို သန့်ရှင်းရေးဌာန တာဝန်ယူရမယ့် ကော်မတီဝင် အဖြစ်တာဝန်ပေးတယ်။ သူက အတွေ့အကြုံများတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အင်န်ဂျီအိုတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးတယ်။

သန့်ရှင်းရေးဌာနကို ဒေါက်တာသစ်ဆင်း တာဝန်ယူပြီးနောက် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNE-CCET) ရယ်၊ သက်ဆိုင်တဲ့ ပညာရှင်တွေ၊ ကိုယ်စားလှယ်တွေရယ်နဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တော်သန့်ရှင်းရေးအတွက် စီမံချက်တစ်ခု ပူးပေါင်းရေးဆွဲကြပါတယ်။ စီမံချက်အမည်က "မန္တလေးမြို့တော် စွန့်ပစ်အမှိုက်၊ စီမံခန့်ခွဲမှု၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ် ၂၀၁၇" တဲ့။

ပြည်သူလူထုနဲ့စည်ပင်လက်တွဲ

မြို့တော်သန့်ရှင်းဖို့ မြို့တော်စည်ပင်တစ်ဖွဲ့တည်းက နေ့မနား ညမနား ဘယ်လောက်ပဲ ကြိုးစားပမ်းစားလုပ်လုပ် ပြည့်ပြည့်ဝ၀ အောင်မြင်မှုရဖို့ မလွယ်ပါဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်တာပါ။ ဒါကြောင့် စီမံချက်ထဲမှာ "ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ အမှိုက်သိမ်းစနစ်" ဆိုတာကို ဖော်ဆောင်တယ်။ ပြည်သူလူထုက မြို့တော်သန့်ရှင်းရေးအတွက် လက်တွဲပါဝင်နိုင်အောင် စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သင်တန်းဖွင့်လှစ်ပေးပါတယ်။ သင်တန်းတွေ ပေးပြီးနောက်မှာ မြို့နယ်အလိုက် စံပြရပ်ကွက်တွေ တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် သတ်မှတ်ပြီး ပြည်သူလူထုနဲ့စည်ပင်လက်တွဲကာ အမှိုက်ကင်းစင်အောင် ကြိုးပမ်းလုပ်ဆောင်ကြပါတယ်။

နေချင်စရာ သန့်ရှင်းသာယာ

ဥပမာတစ်ခု ဖော်ပြရရင် ပြည်ကြီးတံခွန်မြို့နယ်က (င)ရပ်ကွက်ဆိုရင် တစ်ချိန်က အမှိုက်ပုံကြီးတွေ ဝန်းရံထားတဲ့ရပ်ကွက်၊ အမှိုက်သရိုက်အနံ့နံ စော်နေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ ရပ်ကွက်နေစေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ ပြည်ကြီးတံခွန် ပြည်သူလူထုက ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခံရတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးစောဟန်တို့ အတူတူပူးပေါင်းကြပြီး သန့်ရှင်းရေးလုပ်ကြတယ်။ မြို့တော်စည်ပင်ကလည်း ရပ်ကွက်နဲ့လက်တွဲပြီး အမှိုက်ကားပုံမှန်လာသိမ်းပေးတယ်။ တစ်ပတ်မှာတစ်ရက် လူအများနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတို့ကို စုပေါင်းသန့်ရှင်းရေးလုပ်ပေးတယ်။ အခုဆိုရင် သူတို့ရပ်ကွက်ဟာ နေချင်စရာ သန့်ရှင်း သာယာသွားပြီဖြစ်တယ်။ မန္တလေးမြို့မှာ အဲဒီလို ရပ်ကွက်တွေ တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတသမားတွေ၊ စေတနာရှင်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ မြို့တော်စည်ပင်ရုံးမှာ ဆုံဖြစ်ကြတဲ့တစ်ရက်မှာ တစ်ဦးက အကြံပြုဆွေးနွေးပါတယ်။ တနင်္ဂနွေနေ့တိုင်းကို "မြို့တော်သန့်ရှင်းရေးနေ့" အဖြစ်သတ်မှတ်ပြီး စုပေါင်းအမှိုက်ကောက်ကြမယ်တဲ့။ စုပေါင်းအမှိုက်ကောက်တာကို ဘယ်သူမဆို ပူးပေါင်းပါဝင်ပြီး မန္တလေးမြို့က လူသွားလူလာများတဲ့ ရထားဘူတာ၊ ဈေး၊ ဘုရားကျောင်းကန် စတဲ့နေရာတွေမှာ လုပ်ကြမယ်တဲ့။ မြို့တော်သန့်ရှင်းရေးနေ့အဖြစ် စုပေါင်းအမှိုက်ကောက်ကြတာက အမှိုက်ပြောင်စင်ဖို့ထက် အမှိုက်ကို အလွယ်တကူ မစွန့်ပစ်ရဘူးဆိုတဲ့ သန့်ရှင်းရေး အသိပျံ့နှံ့ဖို့ ဦးတည်ပါတယ်။ ကျောင်းသား ကျောင်းသူ၊ လူငယ်လေးတွေ အားတက်သရော ပါဝင်ဆင်နွှဲကြတာ တွေ့ရပါတယ်။

ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြား အမှိုက်ကား မဝင်နိုင်တဲ့နေရာက အမှိုက်တွေကို သိမ်းဆည်းသယ်ယူဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီ ကလည်း သုံးဘီးအမှိုက်သိမ်းယာဉ်လေးတွေ စီစဉ်တယ်။ အချို့ရပ်ကွက်က ကိုယ့်အားကိုယ်ကိုး သုံးဘီးအမှိုက်သိမ်းယာဉ်တွေ အားဖြည့်ပြီး မြို့တော်စည်ပင်နဲ့ လက်တွဲလာကြတယ်။

အရင်ကတော့ စည်ပင်အမှိုက်ကားဆိုရင် ထင်ရှားသိသာတာကတော့ စုတ်ပြတ်ညစ်ပတ်နေတာပါပဲ။ တရုတ်နိုင်ငံလုပ် FAW ကားပြာစုတ်စုတ်ကြီး တွေဟာ MCDC ကို ကိုယ်စားပြုတဲ့ သင်္ကေတလို ဖြစ်နေခဲ့တယ်။ ကားကြီးတွေက သက်တမ်းလည်းကြာ အိုပြီဟောင်းပြီမို့ ခဏခဏပျက်တယ်။ ဆီကလည်း စားသေးတယ်။ မြို့တော်ရဲ့ ပုံရိပ်ကို ဆွဲချနေခဲ့ပါတယ်။ ပြောင်းလဲချိန်မှာ ပြောင်းလဲနိုင်ခဲ့တာတွေထဲမှာ အမှိုက်ကားတွေလည်း ပါဝင်တယ်။ ချမ်းအေးသာစံမြို့နယ် ပြည်သူလူထုက ရွေးကောက်တာဝန်ပေးအပ်လိုက်တဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျက ကွန်ပျူတာပညာရပ်မှာ မဟာဘွဲ့ရဖြစ်ပါတယ်။ သူ့ကို မော်တော်ယာဉ်ဌာနမှာ တာဝန်ပေးထားတယ်။

တဖြည်းဖြည်း အစားထိုးလဲလှယ်

အမှိုက်ကား စုတ်စုတ်တွေနေရာမှာ ဂျပန်နိုင်ငံဖြစ် Compactor Grarbage Truck အဆင့်မြင့်အမှိုက်ကားသစ်တွေကို ဝယ်ယူပြောင်းလဲကာ ဖြည့်နေပြီဖြစ်တယ်။ အမှိုက်ကားတွေမှာ ကွန်ပျူတာ နည်းပညာနဲ့ GPS တွေ တပ်ဆင်လိုက်ပါတယ်။ အမှိုက်ကားတွေကို GPS တပ်ထားတာကြောင့် အမှိုက်သိမ်းဖို့ သတ်မှတ်ပေးထားတဲ့နေရာ၊ သတ်မှတ်ထားတဲ့အချိန်၊ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သိမ်းဆည်းရဲ့လားဆိုတာကို စောင့်ကြည့်နိုင်တယ်။ အမှိုက်ကားယာဉ် စက်ချွတ်ယွင်းနေရင် ချက်ချင်းအစားထိုးပေးနိုင်ပါတယ်။ ယခုအခါ အောင်မြေသာစံ၊ ချမ်းအေးသာစံနဲ့ မဟာအောင်မြေမြို့နယ်တို့က အမှိုက်ကားတွေကို GPS တပ်ဆင်ပြီးသွားပါပြီ။ ဆက်လက်တပ်ဆင်နေပါတယ်။ အဆင့်မီတဲ့ အမှိုက်ကားသစ်တွေ တဖြည်းဖြည်း အစားထိုးလဲလှယ်သွားနေပြီဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ လက်တွဲပါဝင်မှုနဲ့ ပြောင်းလဲချိန်မှာ တိုးတက်ပြောင်းလဲလာတဲ့ မန္တလေးကို ပြည်သူလူထုက ရရှိလာကြတာ ဖြစ်ပါတယ်။ ။

ကျော်ရင်မြင့်