ပျောက်ဆုံးနေသည့် ကမ်းတက်တပ်ဖွဲ့ဝင် ငါးဦး သေဆုံးသွားပြီဟု အမေရိကန်စစ်ဘက် ကြေညာ

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့သည့် အမေရိကန်စစ်ဘက်မှ လေယာဉ်နှစ်စင်း ဝေဟင်အတွင်း တိုက်မိပြီး ပျောက်ဆုံးနေသည့် အမေရိကန် ကမ်းတက်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ငါးဦးအား ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုကို အမေရိကန်စစ်ဘက်က ရပ်ဆိုင်းလိုက်ပြီး ၎င်းတို့မှာ သေဆုံးသွားပြီဟု ကြေညာခဲ့သည်။

အမေရိကန် ကမ်းတက်တပ်ဖွဲ့မှ အက်ဖ်အေ-၁၈ ဂျက်တိုက်လေယာဉ်တစ်စင်း နှင့် ကေစီ-၁၃၅ ဝေဟင် ဆီဖြည့်လေယာဉ် တစ်စင်းတို့သည် ဒီဇင်ဘာ ၆ ရက်က လေ့ကျင့်ပျံသန်းစဉ် တိုက်မိခဲ့ပြီး လေယာဉ် နှစ်စင်းစလုံး ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်နှစ်စင်းသည် ဂျပန်နိုင်ငံအနောက်ပိုင်း ယာမာဂူချီ ပြည်နယ်ရှိ ၎င်းတို့၏ အခြေစိုက်စခန်းတည်ရှိရာ အိုင်ဝါကူနီလေဆိပ်မှ ပျံတက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်နှစ်စင်းပေါ်တွင် တပ်ဖွဲ့ဝင် ခုနစ်ဦးလိုက်ပါခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ တစ်ဦးမှာ သေဆုံးသွားပြီး ကေစီ-၁၃၅ ဆီဖြည့်လေယာဉ်မှ တပ်ဖွဲ့ဝင်ငါးဦးမှာ ပျောက်ဆုံးသွားခဲ့သည်။

အမေရိကန်စစ်ဘက်၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ရေတပ်) နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့မှ လုပ်ဆောင်နေသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒီဇင်ဘာ ၁၁ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ဂျပန်နိုင်ငံရှိ အမေရိကန်စစ်ဘက်မှ ထုတ်ပြန်ခဲ့ပြီး ယင်းကမ်းတက်တပ်ဖွဲ့ဝင်ငါးဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်စစ်ဘက်မှ စစ်လေယာဉ်များ ဝေဟင်အတွင်းတိုက်မိမှုကို အဆင့် လေးဆင့်ခွဲခြားသတ်မှတ်ထားပြီး ယခုဖြစ်ပွားခဲ့သော လေယာဉ်ချင်းတိုက်မိမှုမှာ အဆင့်အေဖြစ်ကာ အပြင်းထန်ဆုံးအဆင့်ဖြစ်သည်။ 

အင်န်အိတ်ချ်ကေ