PDF အမည်ခံအကြမ်းဖက်သမားများက ကလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် အကြမ်းဖက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကလေးတက္ကသိုလ်သို့ ယနေ့ နံနက် ၇ နာရီခွဲတွင် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၁၃၀ ခန့်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှ ဝင်ရောက်၍  ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရုံးဝန်ထမ်း စုစုပေါင်း၂၈၅ ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည်ကယ်ဆယ် နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ (စိစစ်ဆဲ) တို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ PDF အမည်ခံအကြမ်း ဖက်သမားများထံမှ အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိသားစုဝင်များ နှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အင်အား (စိစစ်ဆဲ) ဆရာဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်