ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးယန္တရားပိုမိုထိရောက်စေရန်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများဒုတိယအကြိမ် အစည်းအဝေးကျင်းပ

ရန်ကုန်  ၃၀  အောက်တိုဘာ 

 

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေးကိုယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပသည်။ ဒုတိယအကြိမ် ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မ တော်သား ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင် ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီအတွင်းရေးမှူး (၁၄) ဦးနှင့် အထောက်အကူပြုဝန်ထမ်းများပါဝင် တက်ရောက်ခဲ့ကြသည်။

 

JMC အဆင့်ဆင့်၏ အတွင်းရေးမှူး (၁) တာဝန်ကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များကလည်းကောင်း၊ အတွင်းရေးမှူး (၂) တာဝန်ကိုအစိုးရ၊ တပ်မ တော်သားကိုယ်စားလှယ်များကလည်းကောင်းတာဝန်ယူဆောင်ရွက်ကြသည်။အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U )အတွင်းရေးမှူး-၁ ဒေါက်တာရွှေခါးရ်က “ JMC အစည်းအဝေး တစ်ခုနဲ့ တစ်ခုအကြား ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကိုအကောင်အထည်ဖော်တဲ့ နေရာမှာကော်မတီနဲ့ ရုံးအဖွဲ့ ကြားမှာပူးပေါင်း ရေးအတွက် ကလည်းအဓိက တာဝန်ရှိတာ ကျွန်တော်တို့ပါပဲ။ တိုင်ကြားမှု ရှိလာရင်၊ နောက် ကြားထဲမှာ ဆောင်ရွက်ရမယ့် ကိစ္စအဝ၀ကို ကျွန်တော်တို့ JMC အတွင်းရေးမှူးတွေကအကောင်အထည် ဖော်ရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းလမ်းညွှန် (ToR) အရအကောင်အထည်ဖော်တဲ့ နေရာမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ဒီအစည်းအဝေးကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာ မရှိဘူးဆိုရင် JMC-U အစည်းအဝေးမှာ ဆက်လက် တင်ပြပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ JMC အဖွဲ့ကလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာစိန်ခေါ်မှုတွေ ရှိသလိုအောင်မြင်မှု တွေလဲရှိပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှား နိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲစဉ်းစားကြမယ်။ JMC-U ကနေသဘောထားချမှတ်ရမဲ့ ကိစ္စတွေ ကိုလဲ ကျွန်တော်တို့ ဆက်လက်ပြီးသယ်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်အဖြစ် ပြည်ထောင်စု အဆင့် (JMC-U) ဟူ၍ ဖွဲ့စည်းထားပြီး JMC-U အောက်တွင်ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် (JMC-S) နှင့် ဒေသအဆင့် (JMC-L) ဟူ၍ ဖွဲ့စည်းထားသည်။ ပြည်နယ်နှင့်၊တိုင်းဒေသကြီးအဆင့်(JMC-S) ကိုရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပြီးဒေသန္တရအဆင့် (JMC-L)ကိုရှမ်းပြည်နယ် (တောင် ပိုင်း) လင်းခေးနှင့် ကရင်ပြည်နယ်၊ ဖာပွန်တို့တွင်  အသီးသီးဖွဲ့စည်းထားသည်။

 

JMC-U အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးဝဏ္ဏအောင်က“JMC-U နဲ့ပတ်သက်ပြီးပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေဒေ သတွေမှာJMC အဆင့်ဆင့်ကိုဖွဲ့စည်းပြီးတော့ JMC လုပ်ငန်းစဉ်တွေကိုစနစ်တကျနဲ့ စည်းကမ်းတကျဆောင် ရွက်လျက်ရှိတယ်။ ဆောင်ရွက်တဲ့အခါမှာလည်းသတ်မှတ်ထားတဲ့ အတည်ပြုပြဌာန်း ထားတဲ့လုပ်ငန်းလမ်းညွှန် (ToR) တွေ၊ လုပ်ထုံးလုပ်နည်း(SoP)တွေ၊ ရေးဆွဲပြီးတော့သဘောတူထားတဲ့အတိုင်း လက်ရှိလည်းဆောင် ရွက်နေပါတယ်။ JMC ဟာဆိုရင် စောင့်ကြည့်ခြင်း၊ စိစစ်ခြင်းတွေ၊ပဋိပက္ခ ဖြေရှင်းခြင်းတွေ ကို လုပ်ကိုင် တာဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက်တိုင်ကြားတာတွေကန့်ကွက်တာတွေ ပဋိပက္ခဖြစ်ပွားခြင်း တွေကိုသုံး သပ်ရပါတယ်။

 

 ဒါကြောင့် သုံးသပ်တဲ့ဖြစ်စဉ်သုံးသပ်ရေးအစည်းအဝေး တွေကိုမဖြစ်မနေ လုပ်သွားကြရမှာဖြစ်တယ်။ JMC လုပ်ငန်းတွေ ပုံမှန်လည်ပတ်လုပ်ဆောင်နိုင်ဖို့အတွက် လည်းနည်း ပညာအထောက် အကူပြုရုံးအဖွဲ့တွေကိုဖွဲ့ စည်း ပေးထားတာဖြစ်ပြီး လုပ်ငန်းတွေအောင်မြင်အောင်လုပ်ကိုင် နိုင်ဖို့အတွင်း ရေးမှူးတွေကပဲ ထိန်းသိမ်း ကြပ်မတ်ပေးရမှာဖြစ်ပါတယ်။ အချို့ JMC-S တွေမှာ ယန္တရားလည်ပတ်မှု နှောင့်နှေးနေတာ တွေ့ရပါတယ်။ ဘယ်မှာအခြေခံလဲဆိုတော့ ကျွန်တော်တို့ ရေးဆွဲထုတ်ပြန်ပြီးလိုက်နာကျင့် သုံးရမယ့် လုပ်ငန်းလမ်းညွှန်(ToR) ၊လုပ်ထုံးလုပ်နည်း(SoP)တွေ အတိုင်းလိုက်မလုပ်တော့ နားလည်မှုလွဲတဲ့ ဘက်ရောက်ပြီး နှောင့်နှေးကြန့်ကြာ မှုတွေ ရှိပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုပွင့်ပွင့်လင်း လင်းဆွေးနွေး ကြရပါမယ်” ဟုပြောသည်။ 

 

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများ အစည်းအဝေးကို လေးလတစ်ကြိမ် ကျင်းပပြီးအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ကော်မတီများ၏ ဆုံးဖြတ် ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၊ ရုံးအဖွဲ့များ ကိုအနီး ကပ်ကြီးကြပ်မှု များပြုလုပ်ရခြင်း နှင့် တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရခြင်း များပြုလုပ်ရကြောင်း အစည်းအဝေးမှ သိရသည်။ 
JMC အဆင်ဆင့်အတွင်းရေးမှူးများသည် အတွင်းရေးမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အတွင်းရှိ သည့် အရာများကိုဆုံးဖြတ်ဆောင်ရွက်နိုင်ပြီးဆောင်ရွက်၍ မရသည့် ကိစ္စများအား JMC-U အစည်းအဝေးသို့ ဆက် လက်တင်ပြ၍ သဘောထားမှတ်ချက်များရယူနိုင်ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများဒုတိယအကြိမ် အစည်းအဝေး ကိုအောက်တိုဘာ ၃၀ မှ ၃၁ ရက်အထိ နှစ်ရက်ကြာကျင်းပသွားမည် ဖြစ်သည်။

 

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ…ဖိုးထောင်