ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ တရုတ်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ငါးသိန်း ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းက ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ လာရောက် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့်၏ လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေးထောက်ခံလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှုလျက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအား ပံ့ပိုးကူညီမှုအဖြစ် အမေရိကန်ဒေါ်လာ ငါးသိန်းကို အာရှရေးရာ အထူးကိုယ်စားလှယ်က ပေးအပ်လှူဒါန်းရာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံပြီး (ဝဲပုံ) ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်