ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစေ့ထုတ်ပြောင်းများအောင်မြင်ဖြစ်ထွန်း

ဟိုပုံး ဩဂုတ် ၁၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးနိုင်သော ဧရိယာပေါင်း (၆၀၀၀၀) ကျော်ရှိပြီး စပါးစိုက်ဧရိယာ ၃၀ ရာခိုင်နှုန်း၊ အစေ့ထုတ်ပြောင်း ၃၅ ရာခိုင်နှုန်းနှင့် အခြားနှစ်ရှည်သီးနှံဖြစ်သည့် ထောပတ်၊ ကော်ဖီ၊ သနပ်ဖက်၊ ဟင်းသီးဟင်းရွက်၊ ဂျင်း၊ နနွင်းသီးနှံ ၃၅ ရာခိုင်နှုန်း စိုက်ပျိုးထားကြောင်း၊ ပြောင်းမျိုးများဖြစ်သည့် CP 808၊ NK 621/625၊ 5059၊ ရွှေမြေ 10၊ ပြောင်းကို သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် အတိုင်းစိုက်ပျိုးထားရှိကြောင်း၊ အစေ့ထုတ်ပြောင်း တစ်ဧကကို ပိဿာ (၁၀၀၀) မှ (၁၅၀၀) အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

 

ဒေသခံ ပြည်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးသည့် နည်းစနစ်များကို စနစ်တကျလိုက်နာ ကျင့်သုံးနေပြီဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း၏ ပြောကြားချက်အရ သိရသည်။ ဟိုပုံးမြို့နယ်၌ သီးနှံစိုက်ပျိုးမှုတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်သည့် အသိပညာနှင့် စိုက်ပျိုးနည်းပညာ ဆွေးနွေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ‌ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အစေ့ထုတ်ပြောင်းကို ဟိုပုံးမြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၂) အုပ်စုတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

 

ပအိုဝ်းဒေသ(ပြန်/ဆက်)