သာယာဝတီ မတ် ၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင် သာယာဝတီမြို့နယ် ကျွဲသတ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့၌ ရေဆင်းပေါ်ဆန်းစပါး ခေါင်နှံပျိုး၍ စိုက်ပျိုးခြင်း၊ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ထားသည့် လူစီးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသမှုကို ကွင်းဆင်း ကြည့်ရှုအားပေးပြီး ရေဆင်းပေါ်ဆန်းစပါးမျိုးသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့် တန်ဖိုးမြင့်စပါးမျိုးဖြစ်၍ ဈေးနှုန်းတွက်ခြေကိုက်မှုရှိခြင်းကြောင့် တောင်သူများကိုယ်တိုင် မျိုးသန့်စင်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းများအပြင် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြင့်စပါးမျိုးများအား ဩဂဲနစ် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဦးထက်ဝေခိုင်၏ အသားတိုးဝက်အကောင် ၇၀ နှင့် မျိုးဝက်မ ခြောက်ကောင် မွေးမြူထားရှိမှုကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၄၈၇ သန်းဖြင့် မင်းလှ-ရှမ်းတော လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုကို လည်းကောင်း၊ ဆုံကုန်းကျေးရွာအုပ်စုရှိ တစ်ဆက်တစ်စပ်တည်း အစေ့ထုတ်ပြောင်း ဧက ၂၀၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေမှုကိုလည်းကောင်း၊ မြစ်သာ ပေါက်ချောင်းအား ဖြတ်သန်း၍ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို လည်းကောင်း၊ မိုးညိုမြို့နယ် ဖလံကုန်းကျေးရွာအုပ်စု၌ တစ်ဆက်တစ်စပ်တည်း ဧက ၃၀၀ ငရုတ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇီဝလုံခြုံရေး အထူးအလေးထားရန်၊ ဒေသဝက်နှင့် ဒေသကြက် တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး စိုက်ပျိုးရေး ထွက်ကုန်များကို ကုန်ကြမ်းမှ တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


