ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျူချောင်းကျေးရွာ၌ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူနှစ်ဦး သေဆုံး

နေပြည်တော် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျူချောင်းကျေးရွာ၌ အစာ အဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ် ကျူချောင်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျူချောင်းတွင် သတ္တမတန်းကျောင်းသူ များဖြစ်သည့် ၎င်းကျေးရွာနေ မစုမယ်ဆန်း ၁၂ နှစ်၊ (ဘ) ဦးကျော်နိုင်နှင့် မသဇင်ခိုင် ၁၂ နှစ် (ဘ) ဦးမောင်မြင့်ရွှေတို့ နှစ်ဦးသည် ၎င်းတို့၏ စာသင်ခန်းအတွင်း၌ တံမြက်စည်းလှည်း သန့်ရှင်းရေး ပြုလုပ်နေစဉ် လဲကျသွားကြောင်း ကျောင်းသားတစ်ဦးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာမြင့်ထံ ပြောကြားသဖြင့် သွားရောက်ကြည့်ရှုရာ မသဇင်ခိုင်မှာ အခန်းအတွင်း စာရေးစားပွဲဘေး၌ လဲကျနေပြီး မစုမယ်ဆန်းမှာ နံရံမှီလျက်အနေအထားဖြင့် လဲကျနေသည်ကိုတွေ့ရကြောင်း၊ ၎င်းတို့ နှစ်ဦး၏ ပါးစပ်မှ အမြှုပ်အနည်းငယ်ထွက်နေသည်ကို တွေ့ရှိရသဖြင့် ကျောင်းအုပ်ဆရာမကြီးနှင့် သားဖွားဆရာမဖြစ်သူ ဒေါ်စန်းစန်းအေးတို့မှ သနပ်ပင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ နံနက် ၉ နာရီ မိနစ် ၂၀ တွင် ဆေးရုံသို့ရောက်ရှိစဉ် ကျောင်းသူနှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဆေးရုံကြီး မှုခင်းဆရာဝန်၏ ရင်ခွဲစစ်ဆေးချက်အရ အစာအဆိပ်သင့်သေဆုံးကြောင်း ကနဦးသိရှိရပြီး ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်