ပဲခူး မေ ၁၅
ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် မေလ ၁၅ ရက် နံနက်ပိုင်းက ဒုတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်း ဦးဆောင်၍ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါလူနာ အဖြစ်များသည့် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်အတွင်းသို့ သွားရောက်၍ ဒုတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းနှင့် တိုင်း၊ခရိုင်၊မြို့နယ် ရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့် ကူးစက်တက်သောရောဂါနှိမ်နှင်းရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကူးစက်မှုရောဂါကျဆင်းရေးအတွက် နေအိမ်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပြည်သူလူထုအား အသိပညာပေးခြင်း၊ အိမ်တွင်း/ပြင်နှင့် ရေနှုတ်မြောင်းများတွင် ခြင်ဆေးမှုတ်ပေးခြင်း၊ နေ့စဉ်အသုံးပြုသိုလှောင်ထားသည့် ရေတွင်း၊ ရေကန်၊ ရေအိုးများအတွင်း လောက်လန်းရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လုပ်ကိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


