ပဲခူးခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တို့ရှိ နွေစပါးစိုက်ဧက လေးသောင်းကျော် စိုက်ပျိုးရေ ပေးဝေနိုင်မည့် ချောင်းပိတ်တမံ ဆောင်ရွက်ပြီးဖြစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးအတွင်း (၂၀၁၈-၂၀၁၉)ခုနှစ် နွေစပါး စိုက်ပျိုးရေ ပေးဝေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်လျှက်ရှိရာ ပဲခူးခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တို့ရှိ နွေစပါးစိုက်ဧက လေးသောင်းကျော် စိုက်ပျိုးရေ ပေးဝေနိုင်မည့် ချောင်းပိတ်တမံ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးမြို့နယ် စစ်ပင်ဆိပ်ကျေးရွာအနီးရှိ ပဲခူးမြစ်ခွဲ စစ်ပင်ဆိပ်ချောင်း နွေစပါးများရေရရှိရေး ယာယီမြေသား ချောင်းပိတ်တမံပိတ်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၆ ရက်က ဆောင်ရွက်ပြီးစီးခဲ့ပြီး ချောင်းပိတ်တမံအား ဇောင်းတူ ရေလွှဲဆည်မှတစ်ဆင့် နွေစပါးစိုက်ပျိုးရေပေးဝေရန် ရေစတင်သိုလှောင်နေပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ချောင်းပိတ်တမံသည် နှစ်စဉ်ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပြီး ချောင်းပိတ်တမံ ဆောင်ရွက်ပြီးမှသာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မိုင် ၃၀ ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ခရမ်းမြို့နယ်များ အတွင်းရှိသော နွေစပါးစိုက်ဧက ၄၀ဝ၀ဝ ကျော်အား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေသောက်စနစ် ရေပေးမြောင်းများဖြင့် လည်းကောင်း၊ ဆက်စပ်ရေ သွယ်ယူခြင်းဖြင့်လည်းကောင်း နှစ်စဉ်ဆောင်ရွက် ပေးဝေလျှက်ရှိကြောင်း၊ ရေပေးလမ်းကြောင်းအရှည်သည် ပဲခူးမြို့နယ် ဇောင်းတူ ရေလွှဲဆည်မှ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ခရမ်းရေထိန်းတံခါးအထိ အရှည် ၉၂ မိုင် ခန့်ရှိကြောင်းလည်း သိရသည်။

 

စစ်ပင်ဆိပ်ချောင်းပိတ် တမံသည် နှစ်စဉ်မြေသားဖြင့် ဆောင်ရွက်နေရသည့်အတွက် Borrow မြေသားရှားပါးလာခြင်းအပြင် ပဲခူးမြစ်ရေလျော့ကျမှသာ ဆောင်ရွက်၍ရသဖြင့် ရာသီဥတု ဖောက်ပြန်သည့် နှစ်များတွင် နွေစပါးစိုက်ရာသီအမီ ပြီးစီးအောင် ဆောင်ရွက်ရခြင်းတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း နှစ်စဉ်အောင်မြင်အောင် ဆောင်ရွက်လျှက်ရှိပြီး ဒီဇင်ဘာလအတွင်းတွင် ဇောင်းတူရေလွဲဆည်မှ စိုက်ပျိုးရေ ပေးဝေလျှက်ရှိကြောင်း၊ ထို့အပြင် ရေပေးကာလအတွင်း မျှော်မှန်း၍မရသော ရာသီဥတုဖောက်ပြန်ခြင်းဖြင့် ချောင်းပိတ်တမံကြံ့ခိုင်မှုကို ထိခိုက်လာနိုင်မှုများ ရှိနိုင်လာသည့်အတွက် စစ်ပင်ဆိပ်ယာယီနွေစပါး မြေသားချောင်းပိတ် တမံနေရာတွင် အခိုင်အမာအဆောက်အအုံ တစ်ခုဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

 

သူရအောင်(ပြည်)