ဩဂဲနစ်ကော်ဖီစိုက်ပျိုးရေး

နေပြည်တော် ၂ မေ

ဩဂဲနစ်ကော်ဖီဆိုသည်မှာ ဓာတုပစ္စည်းလုံးဝမပါဝင်သော သဘာဝအလျောက်ဖြစ်သည့် မြေဩဇာတို့ကိုသာသုံး၍ စိုက်ပျိုးသော ကော်ဖီမျိုးဖြစ်ပါသည်။ ကြက်ချေးနှင့် မြေဆွေးကဲ့သို့သောအရာများသည် သဘာဝမြေဩဇာများဖြစ်ပါသည်။ ကော်ဖီစေ့အခွံသည်ပင် သဘာဝမြေဩဇာအဖြစ် အသုံးချနိုင်သောအရာဖြစ်ပါသည်။ သဘာဝမြေဩဇာသည် မြေဆီလွှာပျက်စီးခြင်းကို လျော့ပါးသက်သာစေပြီး ရှင်သန်အားကောင်းသော သဘာဝပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါသည်။ ကျေးငှက်တို့နှင့် ကော်ဖီစိုက်ခင်းတို့သည် လိုက်ဖက်ညီသော သဘာဝအတွဲအဖက်များဖြစ်ပါသည်။ ဤကဲ့သို့ တွဲဖက်ညီသောကြောင့် စိုက်ခင်းဧရိယာအတွင်းအင်းဆက်အရေအတွက်ကို ထိန်းချုပ်နိုင်ပြီး မြေဆီလွှာကို သဘာဝအလျောက် အားဖြည့်ပေးပါသည်။

 

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဩဂဲနစ်ကော်ဖီ၏ ဈေးကွက်တန်ဖိုးသည် ၂၀၁၆ ခုနှစ်၌ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၃၃ ဒသမ ၂ ရှိရာမှ ၂၀၂၁ ခုနှစ်၌ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၉၈ ဒသမ ၆ အထိ ရှိလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဩဂဲနစ်ကော်ဖီ၏ ဈေးကွက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ် ၁၃ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ပါသည်။ ဤမျှတိုးတက်ရခြင်းမှာ မျိုးဆက်သစ်တို့ကြား ကော်ဖီသည် ထင်ရှားလူကြိုက်များလာသည်နှင့်အညီ ကမ္ဘာတစ်လွှားကော်ဖီဆိုင်များ အလျင်အမြန်တိုးပွားလျက်ရှိသောကြောင့် ဖြစ်ပါသည်။

 

အင်တာနက်မှတစ်ဆင့် ရောင်းဝယ်မှုသည်လည်း ကော်ဖီဈေးကွက်ကို ကျယ်ပြန့်စေပါသည်။ ဩဂဲနစ်ကော်ဖီ၏ အရည်အသွေးနှင့် ကျန်းမာရေးအန္တရာယ်ကင်းရှင်းမှုကြောင့် ဈေးနှုန်းမြင့်မားသည်နှင့်အညီ ဩဂဲနစ် ကော်ဖီကို အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ဥရောပကဲ့သို့သော ဈေးကွက်များ၌ ပိုမိုသောက်သုံးကြပါသည်။ 

 

ပိုမိုကျယ်ပြန့်လာသော ဩဂဲနစ်ကော်ဖီဈေးကွက်ကို အခြေပြု၍ ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ဩဂဲနစ် ကော်ဖီကို ဧက ၅၀ဝ၀ အထိ စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပထမအဆင့်အဖြစ် ဩဂဲနစ်ကော်ဖီကို ဧက ၁၀ဝ၀ စိုက်ပျိုးမည်ဖြစ်ပြီး သုံးနှစ်အတွင်း ဧက ၅၀ဝ၀ ပြည့်မီစေရန် စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ လိပ်သိုဝန်းကျင်၌ ကုန်းမြင့်ကော်ဖီအမျိုးအစားဖြစ်သော အာရေဗီးကားကို ဧက ၉၀ဝ စိုက်ပျိုးမည်ဖြစ်ပြီး သံတောင်ဒေသ၌ မြေနိမ့်ကော်ဖီ အမျိုးအစားဖြစ်သောရောဘတ်စတာကို ဧက ၁၀ဝ စိုက်ပျိုးမည်ဖြစ်ပါသည်။ ဤကဲ့သို့စိုက်ပျိုးရာ၌လည်း ဩဂဲနစ်ကော်ဖီ စိုက်ပျိုးရေး ပီပီပြင်ပြင်ဖြစ်စေရန် လက်ရှိအပင်များနှင့် စိုက်ပျိုးမြေတို့ရှိ ဓာတုပစ္စည်းပါဝင်မှုကို စစ်ဆေးလျက် လိုအပ်ချက်နှင့်အညီ သဘာဝမြေဩဇာအသုံးပြုမှုကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

 

စနစ်ကျသော ဩဂဲနစ်ကော်ဖီစိုက်ပျိုးရေး ဖြစ်မြောက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့နှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသော အဖွဲ့တို့အား တောင်သူများ အပါအဝင် ကော်ဖီထုတ်လုပ်သူများနှင့် ချိတ်ဆက်ညှိနှိုင်းပေးခြင်းဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ဧရိယာသည် ၄၉၃၅၇ ဧကရှိပြီးဖြစ်ပါသည်။ သံတောင်ကြီးဒေသ၏ ကော်ဖီတိုးမြှင့်စိုက်ပျိုးရေး ကြိုးပမ်းမှုသည် မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုကဏ္ဍကို အားသစ်လောင်းပေးနိုင်မည်ဖြစ်ပြီး တိုင်းပြည်၏ ပြည်ပပို့ကုန် တိုးချဲ့ရေးကိုပါ အထောက်အပံ့ကောင်း ဖြစ်စေမည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

မြန်မာ့အလင်း