ဩစတြေးလျ၌ ရာသီဥတုပြောင်းလဲမှုကို အရေးတယူဆောင်ရွက်ရန် ဆန္ဒပြသူများတောင်းဆို

mdn

ဆစ်ဒနီ ၁၁ ဇန်နဝါရီ

 

ထောင်ပေါင်းများစွာသော ဩစတြေးလျပြည်သူများသည် ဇန်နဝါရီ ၁၀ ရက်က တိုင်းပြည်အနှံ့ စုဝေးခဲ့ကြပြီး ကမ္ဘာကြီးပူနွေးလာမှု၊ ရုပ်ကြွင်းလောင်စာ  လျှော့ချရေးနှင့် ကြောက်မက်ဖွယ်လောင်ကျွမ်းနေသည့် တောမီးကို ထိန်းချုပ်နိုင်ရေး ကွန်ဆာဗေးတစ်အစိုးရကို တောင်းဆိုခဲ့ကြသည်။

 

တောမီးလောင်မှုကို မထိန်းနိုင်ခြင်းကြောင့် လူပေါင်း ၂၀ဝ၀ ကျော်  အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ရာသီဥတု ၊ ဖောက်ပြန်ပြောင်းလဲမှုကို အရေးယူဆောင်ရွက်မှုမရှိခြင်းကြောင့် အသက်များ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် မွန်တီရော့က အေအက်ဖ်ပီ သို့ ပြောသည်။

 

တောမီးကြောင့် ပျက်စီးမှုမှာ ကြောက်ခမန်းလိလိပင်ဖြစ်ကြောင်း၊  ကျေးလက်ဒေသတွင် နေထိုင်သည့် သူငယ်ချင်းမိတ်ဆွေများရှိကြောင်း၊ ၎င်းတို့၏ နေအိမ်များမှာ တောမီးကြောင့် ပျက်စီးသွားရပြီး ယခုအချိန်ထိ ထိတ်လန့်နေရဆဲဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်မွေးလုပ်ငန်းမှာ ဆုံးရှုံးသွား ရပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

တောမီးလောင်မှုကြောင့် ဩစတြေးလျတွင် ပြည်သူများ ဒေါသထွက်ရပြီး စကောက်မော်ရစ်ဆင် ဦးဆောင်သည့် အစိုးရသည် ရာသီဥတုပြောင်းလဲမှုကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်သည်ဟု စွပ်စွဲခဲ့ကြသည်။ ထို့အပြင် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသည့် ကျောက်မီးသွေးမိုင်းများတွင် ထောက်ပံ့မှုများပြုလုပ်နေခြင်းကိုလည်း ဒေါသထွက်ခဲ့ကြသည်။ 

 

ဆန္ဒပြသူများက နိုင်ငံရေးကိုသာပြောင်းလဲရမည်ဖြစ်ပြီး ရာသီဥတုကို ပြောင်းလဲရမည်မဟုတ်ဟု တောင်းဆိုခဲ့ကြ သည်။ ထို့နောက် မောရစ်ဆင် နုတ်ထွက်ပေးရေးအတွက်လည်း တောင်းဆိုခဲ့ကြသည်။ ဩစတြေးလျ သည် အဆိုးရွားဆုံး ပူပြင်းခြောက်သွေ့ဆုံးနှစ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးအပူချိန်မှာ ၄၁ ဒသမ ၉ ဒီဂရီ ဆဲစီးရပ်ဖြစ်သည်။

 

အေအက်ဖ်ပီ