နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

 

နေပြည်တော် ဧပြီ ၁၀

 

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ကာလတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ခွင့်ပြု ရန်ပုံငွေ  ကျပ် ၂၆၆ ဒသမ ၃၉၈ သန်းဖြင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ငပုအင်း- ရွာဟောင်း - ရွာသစ် ကျေးရွာချင်းဆက် မြေသားလမ်း ၃ မိုင် ဖောက်လုပ်ခြင်း လုပ်ငန်း၊ ကျုံကွယ်ကျေးရွာအုပ်စု၊ မိခွမ်း (ကျောက်အင်း)-ထိဝါးကလိ ကျေးရွာချင်းဆက်လမ်း ၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ အံကစင်(မွန်စု)- လွှစင်ကုန်း- ကော့ခလိန်လမ်း ၄ မိုင် ၇ ဖာလုံ လမ်းပိုင်းတွင် ၃ ဒသမ ၅ ဖာလုံ လမ်းတာချဲ့ခြင်း နှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးခဲ့ပြီဖြစ် ကြောင်း၊ နယ်စပ်ဒေသ လမ်းတံတားများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုကြောင်း သိရသည်။

(သတင်းစဉ်)