နေပြည်တော် ဖေဖော်ဝါရီ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း များနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့် ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးဇော်မိုးဦးတို့မှ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး တွင်ဖွင့်လှစ်ထားရှိသည့် Covid Center သို့ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ အင်အားဖြည့်အစားအစာများနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းခဲ့ရာ အဆိုပါ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာမျိုးသူဇာနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


