နယ်စပ်ဒေသတိုင်းရင်းသား လေ့လာရေးအဖွဲ့ဝင်များ နေပြည်တော်နှင့် ပတ်ဝန်းကျင်လေ့လာရေး ခရီးစဉ်စတင်

နေပြည်တော် ၉ ဇန်နဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာ ရေးအဖွဲ့ဝင်များကို  လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီ ၉ ရက်မှ ၁၂ရက်အထိ နေပြည်တော်နှင့် ပတ်ဝန်းကျင်သို့ လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ပူတာအိုမြို့နယ်များမှ ဂျိမ်းဖောနှင့် ရဝမ်တိုင်းရင်းသား၊ တိုင်းရင်းသူ  (၂၅) ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှင်းလက်ဝဒေသမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်မှ ရှမ်း၊ “ဝ”၊ လားဟူတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များမှ ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူ (၂၅) ဦးစုစုပေါင်း (၁၀ဝ) ဦးတို့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗုဒ္ဓဂါယာ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသသည်။

 

ထိုမှတစ်ဆင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသနဦးစီးဌာနရေဆင်းသို့ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက အဆင့်မြင့်နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေမှုများ၊ စက်မှုသီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနဌာနခွဲအကြောင်း သိကောင်းစရာများကို လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက် လေ့လာခဲ့ကြသည်။

 

အဆိုပါ နယ်စပ်ဒေသတိုင်းရင်းသား အဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြရာ ရွာတော်တည်းခိုရေးနှင့် စစ်ကြောရေးစခန်းတွင် စနစ်တကျနေရာချထားပေးပြီး ယင်းနေ့ ညနေပိုင်း၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အိပ်ဆောင်များ၊ ထမင်းစားဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ဖိတ်ကြားခေါ်ယူ၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးရသည့် အဓိကရည်ရွယ်ချက်များမှာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးစိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

MDN