နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များ နေပြည်တော်အတွင်း ဆက်လက်လေ့လာ

နေပြည်တော် ၃၁ ဇန်နဝါရီ 


နယ်စပ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များသည် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ်၏ စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းသို့ ရောက်ရှိကြပြီး အားကစားနည်းအလိုက် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင်အားကစားနည်းများ ပြခန်းနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းတင်ဓာတ်ပုံများကို ကြည့်ရှုလေ့လာရာ အားကစားကွင်း တာဝန်ခံက လိုက်လံရှင်းလင်းပြသသည်။


ထို့နောက် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အဆိုအကများနှင့် ဖျော်ဖြေခြင်း၊ မြဝတီရုပ်မြင်သံကြား၏ နောက်ခံသမိုင်းကို Video Projector ဖြင့်ပြသ၍ လေ့လာရေးအဖွဲ့ဝင်များက ရိုးရာယဉ်ကျေးမှုများဖလှယ်ခြင်း အစီအစဉ်အရ ရိုးရာအကများဖြင့် သီးခြားစီကပြဖျော်ဖြေကာ လေ့လာရေးအထိမ်းအမှတ်အလံကို အပြန်အလှန်ပေးအပ်ကြပြီး မြဝတီစာပေတိုက်ထုတ် စာအုပ်များနှင့် စာစောင်များကို လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ လက်ဆောင်ပေးအပ်သည်။ 


ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရေး စက်ရုံအတွင်းရှိ သတင်းရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။


မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။ 


(သတင်းစဉ်)

 

mdn