နီဇော်သစ်
အေအိုင် သို့မဟုတ် ဉာဏ်ရည်တုလှိုင်းများ ရိုက်ခတ်မှုအကြောင်းဆွေးနွေးရာတွင် လက်ရှိအနေအထားအထိ အေအိုင်၏ တစ်ဦးတစ်ယောက်ချင်း၊ ကော်ပိုရိတ်များ၊ တိုင်းပြည်နိုင်ငံအစိုးရများကြား၌ ပါဝါပြန်လည်ဖြန့်ဝေမှုများအကြောင်း အကြမ်းဖျင်းဆွေးနွေးခဲ့ပြီးပါပြီ။ ပါဝါပြန်လည်ဖြန့်ဝေတော့ ဘာဖြစ်လဲဆိုသည့်မေးခွန်းကိုလည်း ထိုက်သင့်သလောက် ဖြေခဲ့ပြီးပါပြီ။ ယခုမေးစရာကျန်သည်က “ဘာဆက်ဖြစ်မှာလဲ”ဆိုသည့်မေးခွန်းသာ။ ထိုမေးခွန်းမှာ အနာဂတ်နှင့်ပတ်သက်သည်။ ကျွန်တော်ကလည်း အေအိုင်အနာဂတ်ကို မှန်းနိုင်လောက်သည့် ဂုရုမဟုတ်။ ထို့ကြောင့် ဂုရုကြီးများ ဘာပြောလဲဆိုသည်ကိုသာ ပြန်လည်ဖောက်သည်ချနိုင်ပါမည်။ ကျွန်တော်ဖတ်ဖူးသမျှ အကောင်းဆုံးများထဲမှ တစ်ခုမှာ တရုတ်အေအိုင်ဂုရုကြီး လီခိုင်ဖူး၏ AI 2041 စာအုပ်ထဲမှ အနာဂတ်ခန့်မှန်းချက်များဟု ဆိုချင်ပါသည်။
ဆရာကြီး လီခိုင်ဖူးက အေအိုင်အနာဂတ်ကို ဇာတ်လမ်း ၁၀ ပုဒ်ဖြင့် ထုတ်ပြသွားသည်။ တစ်ပုဒ်ချင်းစီမှာ နယ်ပယ်တစ်ခုစီကို ကိုယ်စားပြုပြီး ကမ္ဘာ့လူသားတို့အတွက်အရေးပါသလို အေအိုင်ကြောင့် အများကြီးပြောင်းလဲသွားနိုင်သည့်နယ်ပယ်များ ဖြစ်သည်။ လက်ရှိ အေအိုင်နည်းပညာတိုးတက်မှုမှ ဖြစ်လာမည့် အနာဂတ်အကျိုးဆက်များဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ဆရာကြီး တစ်ယောက်၏ အနာဂတ်အမြင်ကို ဝင်ကြည့်ခြင်းမှာ မမှားလောက်ပါ။ ပြီးမှ ကျွန်တော်တို့သွားနေသည့် လမ်းကြောင်းအတိုင်း ကောက်ချက်ချကြည့်ပါစို့။
ပထမဆုံးဇာတ်လမ်းကို ‘ရွှေဆင်’(Golden Elephant)ဟု အမည်ပေးထားသည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ နက်နက်နဲနဲသင်ယူမှုကို အသုံးပြုနိုင်သော အာမခံအစီအစဉ်တစ်ခုကို ဝယ်ယူထားသည့် မိသားတစ်စုအကြောင်းဖြစ်သည်။ မိသားစု၏ ဆယ်ကျော်သက် သမီးလေးက အေအိုင်အသုံးပြုထားသော အက်ပ်တစ်ခုကိုသုံးကာ အချစ်ရှာဖို့ ကြိုးစားနေသည်။ အစပိုင်းတွင်တော့ အားလုံးအကျိုးရှိသလိုပင်။ ကျန်းမာရေးပိုကောင်းလာသည်။ အာမခံကြေးသက်သာလာသည်။ အန္တရာယ်လျော့နည်းလာသည်။ ဆုံးဖြတ်ချက်များ ကောင်းကောင်းချမှတ်နိုင်သည်။
ဒုတိယဇာတ်လမ်းကို ‘မျက်နှာဖုံးများနောက်မှ ဘုရားများ’ (Gods Behind the Masks)ဟု အမည်ပေးထားသည်။ လုံးဝဖမ်းမိဖို့မဖြစ်နိုင်သော နက်နဲပုံတုဟုဆိုနိုင်သည့် deepfake တစ်ခုဖန်တီးရန် လူစုသည့်အထဲပါသွားသည့် နိုင်ဂျီးရီးယားလူမျိုး ထုတ်လုပ်သူတစ်ယောက်အကြောင်းဖြစ်သည်။ အစ ပိုင်းတွင် နည်းပညာစိန်ခေါ်မှုတစ်ခုဟု ထင်ရသော်လည်း အစစ်အမှန်နှင့် ဖန်တီးမှုကြားမှနံရံလေးမှာ ပါးသည်ထက်ပါးလာပြီး လုံးဝပျောက်ကွယ်သလို ဖြစ်သွားသည်။ အေအိုင်၏ ကိုင်းခွဲတစ်ခုဖြစ်သော ကွန်ပျူတာအမြင်က ကွန်ပျူတာကိုမြင်တတ်အောင် သင်ပေးသည်။ ထိုးဖောက်ကျော်လွှားမှုများ ဖြစ်လာပြီးနောက် အေအိုင်ကို တစ်ခါမျှမကြုံဖူးသည့် အမြင်မျိုးရလာစေသည်။
ထိုအချိန်မှစ၍ အတုလုပ်သူနှင့် ဖမ်းဆီးသူတို့အကြား၊ ကာကွယ်သူနှင့် အမဲလိုက်သူတို့အကြား ပြိုင်ဆိုင်မှုပြင်းထန်လာတော့သည်။ အေအိုင်က မည်သူ့ဘက်မှမလိုက်။ အေအိုင်ဖြစ်နေ၍ ကျင့်ဝတ် မမှန်ဟုလည်းမပြောနိုင်။ လူသားသည် ယခင်က မျက်စိဖြင့် မြင်ရသည်ကိုယုံနိုင်သည်။ ယခုမူ ယုံကြည်ရသူက ထုတ်လုပ်ထားတာ ဟုတ်ရဲ့လားဟု ကြည့်ရသည်။ သို့မဟုတ်ပါက အေအိုင်လုပ်သည့် အတုကိုဖော်ထုတ်ဖို့ အေအိုင်ကိုပြန်သုံးရသည်။ အေအိုင်ဖြင့် စိတ်ကြိုက်ဖန်တီးနိုင်၍ အစပိုင်းတွင် ပါဝါပြန်လည်ဖြန့်ဝေမှုသည် တစ်ဦးတစ်ယောက်ချင်းစီထံသို့ ရောက်လာသလိုမြင်ရသည်။ သို့သော် နောက်ဆုံးတွင် ပလက်ဖောင်းများနှင့် ပလက်ဖောင်းပိုင်ရှင်များထံ ပြန်ရောက်သွားသည်။ သို့သော် တစ်ဦးတစ်ယောက်ချင်းစီ၏ ပါဝါမှာ ယခင်ကထက် ပိုများလာသည်ကတော့ သေချာပါသည်။
တတိယတစ်ပုဒ်ကို ‘စာကလေးအမြွှာ’(Twin Sparrows)ဟု အမည်ပေးထားသည်။ ကိုရီးယားမိဘမဲ့ အမြွှာလေးနှစ်ယောက်ကို အေအိုင်က ပညာသင်ပေးသည့်အကြောင်းဖြစ်သည်။ ပညာသင်ပေးသူများမှာ ကာတွန်းရုပ်ကလေးများပုံစံ လုပ်ထားသည့် အေအိုင်များဖြစ်သည်။ ဤနေရာတွင် သဘာဝ ဘာသာစကား (Natural Language Processing)ဟုခေါ်သည့် အေအိုင်ဘာသာစကား၏အရေးပါမှုကို မြင်ရသည်။ အေအိုင်ကိုင်းခွဲတစ်ခုဖြစ်သော သဘာဝဘာသာစကားသည် အေအိုင်အား လူသားတို့၏စကားတို့ကို ပြောတတ် ရေးတတ်စေသည်။ ယခုဖြစ်ရပ်တွင် ပြန်သင်ပေးနိုင်သည်။ သို့သော် ထိုသို့နားလည်လာသည်နှင့်အမျှ အေအိုင်သည် အသိပညာမျှဝေသူလား၊ အတွေးကို လွှမ်းမိုးသည့် စနစ်လားဆိုသည့် မေးခွန်းထွက်ပေါ်လာသည်။ ဇာတ်လမ်းထဲတွင် အေအိုင်သည် အမြွှာလေးနှစ်ယောက်အတွက် စာသင်ပေးသည့်ဆရာလည်းဖြစ်သည်။ စိတ်ခွန်အားဖြည့်ပေးသည့် ထောက်ပံ့သူ လည်းဖြစ်သည်။ စကားပြောရင်ဖွင့်နိုင်သည့် မိတ်ဆွေသူငယ်ချင်းလည်းဖြစ်သည်။ ဘဝအတွက် နည်းပြဆရာလည်းဖြစ်သည်။ အားလုံးဖြစ်နေသည်။
ထိုဖြစ်စဉ်အရ လူတစ်ဦးတစ်ယောက်ချင်းစီ၏ သင်ယူမှုသည် အေအိုင်စနစ်နှင့်တွဲပြီး သီးခြားပိုဆန်လာသည်။ ကိုယ်သင်ချင်သလိုသင်နိုင်သည်။ အကျိုးလည်းအမှန်တကယ်ရှိသည်။ ထို့ကြောင့် ပညာရေးတွင် တစ်ဦးချင်းစီထံသို့ ပါဝါများ ပြန်လည်ဖြန့်ဝေလာသည်ဟု ထင်ရသည်။ သို့သော် ပြဿနာမှာ ပညာသင်ပေးရုံမျှမက “ဘယ်လိုတွေးရမလဲ” ဆိုသည်ကိုပါ ပုံဖော်လာခြင်းဖြစ်သည်။ ဆိုရလျှင် လီခိုင်ဖူးသည် GPT-3 ကိုသာ မြင်ရသေးချိန်တွင် ထိုစာအုပ်ကိုရေးခဲ့ခြင်းဖြစ်သည်။ နှစ်အနည်းငယ်အတွင်း GPT-4 တို့၊ GPT-5 တို့၏ တိုးတက်မှုများကိုသာ တွေ့လိုက်ရလျှင် သူ့စာအုပ်ခေါင်းစဉ်ကို ၂၀၄၁ ခုနှစ်ထက် လျှော့လိုက်မလားပင် မသိနိုင်ပေ။
နောက်တစ်ပုဒ်ကို ‘ထိတွေ့မဲ့အချစ်’ (Contactless Love)ဟု အမည်ပေးထားသည်။ နောက်ခံအခင်းအကျင်းမှာ ကိုဗစ်-၁၉ နောက်ပိုင်းကာလများအတွင်း ကာကွယ်ဆေးများ ပေါ်ထွက်လာသည့် တိုင် ဗိုင်းရပ်စ်မျိုးကွဲများလည်း ဆက်လက်ပေါ်ထွက်ပြီး ၂၀၄၁ ခုနှစ်အထိ လူအချင်းချင်းထိတွေ့မှု ကို တတ်နိုင်သမျှရှောင်နေကြရသည့်ပုံစံမျိုးဖြစ်သည်။ ထိုဇာတ်လမ်းတွင် ဇာတ်လိုက်များမှာ စက်ရုပ်များ။ ရောဂါပိုးကြောင့် လူတို့ အခန်းတံခါးပိတ်နေထိုင်ကြသည့်အတွက် စက်ရုပ်တို့က ကြားခံဆက်ဆံရေးသမားများဖြစ်လာသည်။ အစပိုင်းတွင် အကျိုးရှိသည်။ အိမ်အကူစက်ရုပ်များက ဘဝနေထိုင်မှုကို ပိုမိုလွယ်ကူလာစေသည်။ အေအိုင်က ကျန်းမာရေးပိုင်းတွင် ရောဂါရှာဖွေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းအထိ တိုးဝင်လာသည်။ ထိုအတွက် ကြီးမားလှစွာသော အချက်အလက်ဘဏ်ကြီးများက ပံ့ပိုးပေးသည်။ ထို့ကြောင့် ဆေးကုသမှု ပိုမိုတိကျလာသည်။ ဆေးဝါးအသစ်များ ဖော်ထုတ်ရေးအပိုင်းတွင်လည်း အေအိုင်ကဝင်ပါသည်။ ပိုကောင်းလာသည်။
သို့သော် ပြဿနာမှာ လုံခြုံရေးတိုးမြင့်လာသည်နှင့်အမျှ လူလူချင်းဆက်ဆံမှု လျော့နည်းလာခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာ၊ လူမှုဆက်ဆံရေး၊ စိတ်ချင်းယှက်နွှယ်မှု၊ တစ်နည်း ရင်ဘတ်ချင်းချိတ်ဆက်မှုတို့ လျော့နည်းလာသည်။ အနှစ်ချုပ်မှာ အေအိုင်သည် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ထဲသို့ တိုးဝင်လာရင်း လူသားအချင်းချင်းဆက်ဆံရေးပုံစံကို ပြောင်းလဲပုံဖော်လိုက်သည်။ နောက်တစ်ချက်မှာ စက်ရုပ်များဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။ အေအိုင်သည် အစောပိုင်းတွင် စက်အတွေးနှင့် စက်အမြင် (ကွန်ပျူတာအမြင်)တို့ကိုဖြစ်စေခဲ့ပြီးပြီ။ စက်ရုပ်များနှင့် ဆက်စပ်လိုက် ချိန်တွင် စက်အထိအတွေ့ကိုပါ ကိုင်တွယ်လာသည့်အကြောင်းလည်းပါသည်။
တတိယနှင့် ဒုတိယဇာတ်လမ်းတွင် ထူးခြားသည့် ပါဝါပြန်လည်ဖြန့်ဝေမှုကို စာဖတ်သူတို့ မြင်ကောင်းမြင်နိုင်ပါသည်။ ပါဝါသည် အများပြည်သူထံရောက်လာခြင်းလည်းမဟုတ်၊ ကော်ပိုရိတ်ကြီးများ၊ အစိုးရများထံသို့ ရောက်သွားသည်လည်း မဟုတ်။ လူတစ်ဦးတစ်ယောက်ချင်းစီက အေအိုင်ကို မှီခိုလိုက်ရခြင်း၊ တစ်နည်းအားဖြင့် ပါဝါသည် အေအိုင်ဆီသို့ ရောက်သွားခြင်းမျိုးဖြစ်သည်။ ဇာတ်လမ်းစုံတော့မှ ထိုကဲ့သို့ လေ့လာဆန်းစစ်မှုအပိုင်းကို ဆက်သွားပါမည်။ နောက်တစ်ပတ်တွင် ကျန်ရှိသည့်ဇာတ်လမ်းများကို ဆက်လက်တင်ပြပါဦးမည်။


