နျူကလီးယားသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အီရန်အား ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့က ဖိအားပေးလျက်ရှိ

လန်ဒန်  ၁၄  ဇန်နဝါရီ

ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များသည် အီရန်အား ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အပြည့်အဝလိုက်နာရေး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တစ်ရပ်ကို ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူ စာချုပ်မှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နုတ်ထွက်သွားခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် အီရန်အပေါ် နောက်ထပ်ပြုလုပ်လာမည့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်များနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

အပြည့်အဝပြန်လည်လိုက်နာရန် တောင်းဆို

ယင်းကြေညာချက်တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လနောက်ပိုင်း အီရန်နိုင်ငံက နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ဖော်ပြထားပြီး နျူကလီးယား သဘောတူညီချက်နှင့် ကွဲလွဲနေသောဆောင်ရွက်ချက်များ အားလုံးကို ပြန်လည်တည့်မတ်ရန်နှင့် နျူကလီးယား သဘောတူညီချက်ကို အပြည့်အဝပြန်လည်လိုက်နာရန် တောင်းဆိုထားသည်။

အီရန်နိုင်ငံကမူ ယူရေနီယံသန့်စင်မှုကို ကန့်သတ်မည့် ကတိကဝတ်ကို ကာလကြာရှည်လိုက်နာလိမ့်မည် မဟုတ်ကြောင်းလည်း ယခုလအတွင်း ကြေညာခဲ့သည်။ ထို့ပြင် ယခုလအစောပိုင်းက အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ သေဆုံးခဲ့ပြီးနောက် ဝါရှင်တန်နှင့် တီဟီရန်အကြား တင်းမာမှုများသည်လည်း မြင့်တက်လာခဲ့သည်။ ယင်းနေခက်ပိုင်းတွင် အီရန်ကလည်း အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းများကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-အလင်းသစ်