နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

နတ်မောက် ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား စနစ်တကျရှိစေရန် သုံးပေအကွာ နေရာများ ပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်းများကို နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။

ပင်စင်ထုတ်ယူရာတွင် ဧပြီ ၂၁ ရက်မှ ၃၀ ရက်အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား မေလဆန်းပိုင်း ဘဏ်လုပ်ငန်းချိန်တွင် ပင်စင်လစာငွေများ ထုတ်ပေးမည်ဖြစ်ပြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ ၁၆၀၀ ခန့်ရှိကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံမှ သိရသည်။ 

လှဝင်း