ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်...

၈  ဇန်နဝါရီ

လူ့ဘဝ လူ့သက်တမ်းက တိုတောင်းလှသည်။

 

နှိုင်းရဓမ္မတရားအရဆိုလျှင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ သက်တမ်းက နိုင်ငံတကာအလယ်တွင် ပို၍ပင် တိုတောင်းသေးသည်ဟု ဆိုရမည်လားမသိ။

 

ကမ္ဘာနှင့်ချီပြောရလျှင် လူ့သက်တမ်းက ၇၁ ဒသမ ၅ နှစ်ဟု ဆို၏။ အမျိုးသားများအတွက် ၆၈ နှစ် ၄ လ ဖြစ်ကာ အမျိုးသမီးများအတွက် ၇၂ နှစ် ၈ လ ဟူ၏။ ကုန်လွန်ခဲ့သော ၂၀၁၀-၂၀၁၅ အတွက် ကုလသမဂ္ဂ ကမ္ဘာ့လူဦးရေ ခန့်မှန်းတွက်ချက်မှု၏ အဆိုအရမှာ လူ့သက်တမ်း ၆၉ နှစ်။ အမျိုးသား ၆၇ နှစ်နှင့် အမျိုးသမီး ၇၁ ဒသမ ၁ နှစ်ဖြစ်၏။

 

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၏ စာရင်းအရဆိုလျှင် ဂျပန်၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ ဩစတြေးလျ စသည့် နိုင်ငံသားများက ယေဘုယျအားဖြင့် အသက်ရှည်ဆုံး မျှော်လင့်နိုင်ကြသူများဖြစ်ပြီး ဆီးရီးယား၊ အင်ဂိုလာ စသည်တို့က အသက်တိုဆုံးစာရင်းဝင်များ ဖြစ်သည်ကို တွေ့ရသည်။ အသက်ရှည်ဆုံး မျှော်လင့်နိုင်သည့် နိုင်ငံသားများက ၈၀ ကျော် ဖြစ်ကာ အသက်တိုဆုံးတို့က ၅၀ စွန်းစွန်းမျှဟု ဆိုပါသည်။ မြန်မာနိုင်ငံသားများက နိုင်ငံစုစုပေါင်း ၁၈၃ နိုင်ငံ စာရင်းပြုထားရာမှာ နံပါတ် ၁၂၉ ဖြစ် သည့်အတွက် အောက်ပိုင်းအုပ်စုထဲမှာ ပါသည်ဟု ဆိုရပါမည်။

 

ကျန်းမာရေးဆိုင်ရာ တွက်ချက်မှုများအရဆိုလျှင် လေကောင်း လေသန့်မရသည့်၊ ရေကောင်းရေသန့်မရသည့်၊ မြေကောင်းမြေသန့် မရှိသည့် ပတ်ဝန်းကျင်တို့မှာ နေထိုင်ကြရခြင်းကြောင့်ဟု ဆိုသည်။

 

လေကောင်းလေသန့်မှ မရှူရပါပဲ၊ ရေကောင်းရေသန့်မှ မသောက်ရပါပဲ၊ မြေကောင်းမြေသန့်က အသီးအနှံများကို မစားသောက်ရပါပဲ ဘယ်လို အသက်ရှည်နိုင်ပါမည်နည်းဟု ဆိုပါသည်။ ထိုသည်တို့နှင့်အပြိုင် အရေးကြီးသော အချက်များက စီးပွားရေး အဆင့်အတန်းနှင့် လူမှုဝန်းကျင်နိမ့်ကျမှု ပြဿနာများ၊ အလုပ်ရှားပါးမှု ပြဿနာ၊ ဝင်ငွေ မလုံလောက်မှု ပြဿနာ၊ ပညာရေးအဆင့်အတန်း နိမ့်ကျမှု၊ စားဝတ်နေရေး အခြေခံကို လုံလောက်အောင် မဖြေရှင်းနိုင်သည့် စီးပွားရေးအနေအထား၊ ပြည်သူ့ကျန်းမာရေးစနစ် အဆင့်နိမ့်ကျမှု၊ ကျန်းမာရေးဆိုင်ရာ နေထိုင် စားသောက်မှု အမူအကျင့် အလေ့အထ မရှိမှုများ၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် အရက်သေစာ အလွန်အကျွံသုံးစွဲမှု၊ အာဟာရ မပြည့်ဝမှု၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသည့်ပြဿနာ စသည်တို့ကို ရည်ညွှန်းပါသည်။

 

အချက်အလက်များစွာကို ရွေးထုတ်ထားသော်လည်း အခြေခံ အားဖြင့်မူ စီးပွားရေးနိမ့်ကျခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ ပြည်သူ့ ကျန်းမာရေးစနစ် နိမ့်ကျခြင်းနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာများဟု တွေ့ရပါသည်။

 

သတိထားမိသည့် အရေးကြီးသော အခြားအချက်တစ်ခုမှာ စစ်ပွဲများကြားမှာ နေရသည့် နိုင်ငံသားများ၏ မျှော်မှန်းနိုင်သော အသက်မှာ အတိုတောင်းဆုံးများ ဖြစ်နေသည်ဆိုခြင်းပါ။

 

စစ်ပွဲများကြားမှာ၊ မငြိမ်းချမ်းမှုများကြားမှာ၊ စစ်ပွဲများအတွင်းမှာ ပစ်ခတ်တိုက်ခိုက်ရင်း သေဆုံးမှုများသာမက၊ စစ်ပွဲများက ဖန်တီးထုတ်လုပ် လိုက်သည့် အမျိုးမျိုးအဖုံဖုံသော နစ်နာဆုံးရှုံးမှုများ ပေါ်ထွန်းလာပါသည်။ စီးပွားရေးစနစ် တိုးတက်မြင့်မားအောင် ဆောင်ရွက်မြှင့်တင်နိုင်သည့် အခွင့်အရေးမရရှိမှု၊ ပညာသင်ကြားခွင့်မရသည့်သူများ အလွန်အမင်း များပြားလာမှုတို့က အသက်ရှည်ရေး မျှော်လင့်ချက်နည်းပါးမှု၏ အခြေခံများ ဖြစ်နေသည်ကို တွေ့ရပါမည်။

 

တိုင်းရင်းသား ညီအစ်ကို မောင်နှမများကြားမှာ ညီညွတ်ရေး မတည်ဆောက်နိုင်ကြသည့်အတွက် ငြိမ်းချမ်းရေးမရှိ။ ငြိမ်းချမ်းရေးမရှိသည့်အတွက် လူမှုအဆင့်မီမီနှင့် ကျန်းမာသက်ရှည်စွာ နေနိုင်ခွင့် အလိုလိုဆုံးရှုံးကြရသည့် ဘဝများအတွက် စာနာနားလည်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း