ညီလာခံတွေကတစ်ဆင့် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေသလို ဒေသအသီးသီးက ရိုးရာတိုင်းရင်းဆေးပညာတွေကို နှီးနှောဖလှယ်ခွင့်ရတဲ့ပွဲလို့လဲပြောလို့ရပါတယ်

ညီလာခံတွေကတစ်ဆင့် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေသလို ဒေသအသီးသီးက ရိုးရာတိုင်းရင်းဆေးပညာတွေကို နှီးနှောဖလှယ်ခွင့်ရတဲ့ပွဲလို့လဲပြောလို့ရပါတယ်

ဒေါက်တာစုစုဒွေး

 

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို  ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက နေပြည်တော် MICC-2 တွင်ကျင်းပရာ အခမ်းအနားတက်ရောက်လာသူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်-

 

ဒေါက်တာစုစုဒွေး

ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

နှစ်စဉ်   ညီလာခံတွေ   ကျင်းပတယ်။ အဆိုတင်းသွင်းတာတွေ၊ ထောက်ခံဆွေးနွေးနှီးနှောဖလှယ်တာတွေ  လုပ်ကြတယ်။  ဒီကနေ ရရှိလာတဲ့အကျိုးရလဒ်တွေအနေနဲ့တော့ ချက်ချင်းအကောင်အထည်ဖော်လို့ ရတာတွေရှိသလို ရေရှည် ဆောင်ရွက်ရတာတွေလဲ ရှိပါတယ်။ ညီလာခံတွေကတစ်ဆင့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်   အထောက်အကူဖြစ်စေသလို ဒေသအသီးသီးက ရိုးရာတိုင်းရင်းဆေးပညာတွေကို  နှီးနှောဖလှယ်ခွင့်ရတဲ့ပွဲလို့လဲ  ပြောလို့ရပါတယ်။   ဝိသမအဖျားပျောက်ဆေးဆိုတာကတော့ ကိုဗစ်ကာလ မှာ နိုင်ငံတော်အကြီးအကဲက ကိုဗစ်ရောဂါကို   တိုင်းရင်းဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်အောင် ဆောင်ရွက်ဖို့လမ်းညွှန်မှုအရ မြန်မာနိုင်ငံတိုင်းရင်း‌ ဆေးကောင်စီ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ် စတဲ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းဆေးပညာရှင်ကြီးတွေပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ သုတေသနရလဒ်တွေနဲ့အတူ ကိုဗစ်ကာကွယ်ဆေး အနေနဲ့ ဝိသမအဖျားပျောက်ဆေးကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းဆေးခန်းတွေမှာ ဆေးခန်းသုံးပစ္စည်းအနေနဲ့  အသုံးပြုနေပါပြီ။

 

mdn

ဦးမြင့်ဦး

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ

ယခုညီလာခံမှာ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ညီလာခံအကြိုအနေနဲ့ ဆောင်ရွက် တဲ့ ကွင်းဆင်းဆေးကုသမှုတွေမှာလည်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီက ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ အဆို/အထောက် ဆွေးနွေးမှုတွေမှာလည်း ပါဝင်ဆွေးနွေးမှုတွေ ဆောင်ရွက်ပါတယ်။ လက်ရှိအနေနဲ့ တိုင်းရင်း ဆေးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းဆေးဆရာတွေကို ကုသခွင့်လိုင်စင်တွေ ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေးဆရာ သက်တမ်းတိုးခြင်း လုပ်ငန်းတွေကိုလည်း ပုံမှန်ဆောင်ရွက်ပေးနေပါတယ်။

 

mdn

ဦးစိုးဝင်း

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲမှာ ကျွန်တော်တို့ အသင်းသူအသင်းသားများ စုံစုံညီညီ တက်ရောက်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီညီလာခံကနေ ပြီးတော့ နောက်နှစ်နောက်နှစ်တွေမှာလည်း တိုင်းရင်းဆေးနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ပြီး ကျွန်တော်တို့အသင်းအနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

 

mdn

ဦးသိန်းဇော်လင်း

ပါမောက္ခချုပ်၊ တိုင်းရင်းဆေး တက္ကသိုလ်

တိုင်းရင်းဆေးတက္ကသိုလ်ကြီး ကို ၂၀၀၂ ခုနှစ် ပညာသင်နှစ်ကနေ ဖွင့်လှစ်သင်ကြားခဲ့တာ အခုဆိုရင် ၂၁ နှစ်ရှိပါပြီ။ ဒီကာလအတွင်းမှာ တိုင်းရင်းဆေးပညာဘွဲ့ရတွေနှစ်စဉ် မွေးထုတ်ပေးလျက်ရှိပြီးတော့ ပုံမှန်တိုင်းရင်းဆေးပညာဘွဲ့၊ တိုင်းရင်းဆေးပညာမဟာဘွဲ့တွေအပြင် Ph.D အထိ ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ တက္ကသိုလ်ကနေ ကျောင်းပြီးသွားတာနဲ့ မိမိရဲ့ကိုယ်ပိုင်တိုင်းရင်း ဆေးခန်း/ဆေးရုံ ဖွင့်လှစ်ကုသနိုင်ခြင်း၊ မိမိရဲ့ကိုယ်ပိုင်တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ခြင်း၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကြီးကြပ်သူအဖြစ် (သို့မဟုတ်) အရည်အသွေးစစ်ဆေးသူ သုတေသီအဖြစ် ဆောင်ရွက်နိုင်ခြင်း၊ တိုင်းရင်းဆေး တက္ကသိုလ်တွင် သင်ကြားရေး ဆရာ ဆရာမအဖြစ် ဆောင်ရွက်နိုင်ခြင်း၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၏ကုသရေးတိုင်းရင်းဆေးရုံ/ ဆေးခန်းများတွင် ကုသရေး ဆရာ ဆရာမ အဖြစ်၊ သုတေသန/ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ သုတေသီအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း၊ ပြည်တွင်း/ပြည်ပက တိုင်းရင်း ဆေးနဲ့ပတ်သက်တဲ့ ဘွဲ့လွန် အဆင့်မြင့်ပညာရပ်များ ဆက်လက်ဆည်းပူးခွင့်တို့ ရရှိနိုင်မှာဖြစ်ပါတယ်။

 

mdn

ဦးမြင့်လွင်

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ နာယက

ဒီမနက် တင်သွင်းသွားတဲ့အဆိုတွေနဲ့ပတ်သက်လို့ ပြောရရင် ပထမအဆိုအနေနဲ့ တိုင်းရင်းဆေးပညာဟာ ကိုယ့်နိုင်ငံအတွင်းမှာ ပဲရှိတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်းရှိပါတယ်။ တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတကာက တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံတကာအဆင့်မီသွားနိုင်မှာဖြစ်ကြောင်း အဆိုတင်သွင်း ဆွေးနွေးသွားတာဖြစ်ပါတယ်။ ဒုတိယအဆိုကတော့ တိုင်းရင်းဆေးပညာ ဦးစီးဌာနကနေ ပြည်သူတွေကို အခမဲ့တိုင်းရင်းဆေးဖြင့် ကုသမှုပေးနိုင်ဖို့ တိုင်းရင်းဆေးခန်းသုံး ဆေးဝါးတွေ ထုတ်လုပ်တာရှိပါတယ်။ ဆေးဝါးအမျိုးပေါင်း ၈၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ ၂၉ မျိုးကို သုံးပါတယ်။ ဒီဆေးတွေကို ထပ်မံသုတေသနပြုပြီးတော့ ဒီထက်ကျစ်ကျစ်လျစ်လျစ်နဲ့ ဆေးတွေကို ထပ်မံပေါင်းစပ်ပြီးတော့ ရောဂါတွေကို ထိထိရောက်ရောက်ကုသနိုင်ဖို့ တင်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးဟာ အပင်ထွက်ဆေးတွေ များပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ အဓိကဖော်စပ်တဲ့ နည်းပညာ လိုအပ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပြီး အာနိသင်ထက်မြက်တဲ့ ဆေးဝါးတွေ ထုတ်လုပ်ဖို့ဆိုရင် သုတေသန လုပ်ငန်းတွေဆောင်ရွက်ဖို့ အဆိုတင်သွင်းသွားတာဖြစ်ပါတယ်။

 

mdn

ဦးဝထွန်း

မြန်မာနိုင်ငံတိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်

မြန်မာ့တိုင်းရင်းဆေးဟာ အရင်နဲ့စာရင် အတော့်ကိုတိုးတက်လာတာကိုတွေ့ရပါတယ်။ ကျွန်တော်ဆိုလည်း ပင်စင်ယူပြီးသွားပေမယ့် တိုင်းရင်းဆေး ဖွံ့ဖြိုးဖို့အတွက် တိုင်းရင်းဆေး တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအနေနဲ့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်မှာလည်း တိုင်းရင်းဆေးဖွံ့ဖြိုးဖို့အတွက် သုတေသနဆိုလည်း သုတေသနအလျောက်၊ ပရဆေးဥယျာဉ်ဆိုလည်း ပရဆေးဥယျာဉ်အလျောက် တော်တော် တိုးတက်နေတာ တွေ့ရပါတယ်။

 

mdn

ဒေါ်ဇာနည်စိုး

ဒုတိယဆေးရုံအုပ်၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်)

ဒီမနက်ပိုင်းညီလာခံမှာ “ဘေး ဥပဒ်အန္တရာယ် ကင်းရှင်းပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်း ဆောင်ရွက်ရန်” ဆိုတဲ့ အဆိုတင်သွင်းဆွေးနွေးခဲ့တာပါ။ မြန်မာ့တိုင်းရင်းဆေးပညာဟာ ကျွန်မတို့ရဲ့ တန်ဖိုးကြီးတဲ့ ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်လို့ တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနဲ့ တိုင်းရင်းဆေးပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနဲ့ မြန်မာ့ တိုင်းရင်းဆေးဝါးများ အရည်အသွေး တိုးတက်ကောင်း မွန်စေဖို့အတွက် သုတေသနလုပ်ငန်းတွေ၊ အသိပညာပေး လုပ်ငန်းတွေ ဝိုင်းဝန်းဆောင်ရွက် နိုင်ဖို့ အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။

 

mdn

ဦးမောင်မောင်ဦး

ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

ကျွန်တော်ကတော့ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှာ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေပါတယ်။ မြန်မာ့တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ ပြည်သူလူထုကို တိုင်းရင်းဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဒီလိုညီလာခံတွေဟာ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုညီလာခံတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေရ ခြင်းဖြစ်ပါတယ်။ ဒီလိုညီလာခံတွေဆောင်ရွက်တိုင်း မြန်မာနိုင်ငံအရပ်ရပ်က တိုင်းရင်းဆေးသမားတော်တွေ လာရောက်စုဝေးပြီး အချင်းချင်းကုသမှုအတွေ့ အကြုံတွေ၊ ဆေးဝါးဖော်စပ်မှု အတွေ့အကြုံတွေ၊ ဆွေးနွေး ဖလှယ်ခွင့်တွေ ရရှိပြီးတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ စောင့်ရှောက်မှုပေးတဲ့အခါ ပိုပြီးတော့ကောင်းမွန်တဲ့ အကြံဉာဏ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ အများကြီးရတဲ့အတွက် အလွန်ပဲဝမ်းသာရပါတယ်။

 

mdn

ဦးကျော်ကျော်ဦး

ညီလာခံကိုယ်စားလှယ်

မန္တလေးတိုင်းဒေသကြီးကနေ ညီလာခံကိုယ်စားလှယ်အနေနဲ့ တက်ရောက်တာဖြစ်ပါတယ်။ နိုင်ငံတော်က တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီပံ့ပိုးနေတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေပါတယ်။ ညီလာခံကိုယ်စားလှယ်တွေ အနေနဲ့အချင်းချင်းတွေ့ဆုံပြီး နှီးနှောဖလှယ်ခွင့်ရရှိတဲ့အတွက် အသိပညာတွေတိုးပွားပြီး ဒေသန္တရဗဟု သုတတွေလည်း တိုးပွားရပါတယ်။

 

mdn

သူရိယ(သရုပ်ဆောင်)

စိန်ဘယက်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

စိန်ဘယက်တိုင်းရင်းဆေးကို အဖေမရှိတဲ့နောက် ညီအစ်ကို မောင်နှမတွေနဲ့ ဦးစီးဦးဆောင်လုပ်ပြီးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေး အမယ်အနေနဲ့ ၁၂ မျိုးလောက် ထုတ်လုပ်ပါတယ်။ တိုင်းရင်းဆေး ပညာဟာ နက်နဲခက်ခဲတဲ့ ဆေးပညာရပ်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း တိုင်းရင်းဆေးသိပ္ပံဆင်း ဖြစ်တဲ့အတွက် တိုင်းရင်းဆေး ပညာကို လေးစားမြတ်နိုးတယ်၊ ဒါကြောင့် ညီလာခံတက်ရောက်ပြီးတော့ တိုင်းရင်းဆေးလောကသားတွေနဲ့ တွေ့ဆုံအသိပညာ တွေဖလှယ်ပြီး မြန်မာ့တိုင်းရင်း ဆေးဖွံ့ဖြိုးတိုးတက်ဖို့ ခေတ်မီ နည်းပညာတွေနဲ့ ပေါင်းစပ်ဆောင် ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။

 

mdn

မောင်စွမ်းထက်အောင်

ဒုတိယနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်

တိုင်းရင်းဆေးညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေအတွက် လေ့လာစရာတွေအများကြီးရတယ်။ အခုလိုညီလာခံတွေ တက်ရောက်ရတဲ့အတွက် အဆိုရှင်တွေရဲ့ဆွေးနွေး ချက်တွေဟာ တိုင်းရင်းဆေးတိုးတက်ဖို့ အထောက်အကူဖြစ်စေသလို မျိုးဆက်သစ်တိုင်းရင်း ဆေးပညာရှင်တွေ၊ တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသားတွေအတွက် ဗဟုသုတတွေ အများကြီး ရရှိစေပါတယ်။

 

တွေ့ဆုံမေးမြန်း - တီအမ်