ညောင်ဦးမြို့တွင် လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ညောင်ဦး နိုဝင်ဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်အတွင်း နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ ၃၇ မိနစ်ခန့်က လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်ရာသို့ ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၉ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် အမှတ်(၃)၊ ငှက်ပစ်တောင်ရပ်ရှိ ပလောင်မ ပဲကြော်ဖို အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ခန့်ရှိ သွပ်မိုး၊ မြေစိုက်တဲသို့ ဖျောက်ဆိပ်ပင်ဘုန်းကြီးကျောင်းမှ ဆင့်ပွားသွယ်တန်းထားသည့် လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ပဲကြော်ဖိုတစ်လုံး၊ ဇီးခွဲလောင်စာဂိုဒေါင်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအား ပေါ့ဆစွာ အသုံးပြုသူ ပလောင်မ ပဲကြော်လုပ်ငန်းလုပ်ကိုင်သည့် ဦးသက်နိုင်ထွန်းအား ညောင်ဦးမြို့နယ်၊ ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

ကိုထိန်၊KPD