ညောင်ဦးမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံး

ညောင်ဦး၊ ၁၅ ဇန်နဝါရီ       

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဘူတာဝန်းအနီးတွင် ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဝါယာကြိုးအပူလွန်ကဲရာမှ တစ်ဆင့် နေအိမ်အား မီးကူးစက်လောက်ကျွမ်းကာ လူနေအိမ်(၂)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန့်က ညောင်ဦးမြို့နယ် ပုဂံဘူတာဝန်းအနီးတွင် နေထိုင်သော ဦးပိုက်ထွေး ပိုင်ဆိုင်သော အလျားပေ ၂၀၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ခေါင်းရင်းတွင် Extension ကြိုးခွေဖြင့် သွယ်တန်း၍ နေ့ည အမြဲဖွင့်လှစ်ထားသော လျှပ်စစ်မီးလုံးသို့ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲပြီး ရေနံကြီးသုတ်ထားသည့် နေအိမ်ဝါးထရံအား မီးကူးစက် လောင်ကျွမ်းခဲ့သည်။

၎င်းနေအိမ်မှတစ်ဆင့် ဘေးဘက် (၆)ပေခန့်အကွာတွင်ရှိသော ဦးနိုင်လင်း ပိုင်ဆိုင်သော အလျားပေ ၂၀၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၄)ဦး၊ မီးငြှိမ်းသတ်ယာ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၁၈)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့၊ အမှတ်(၁၊ ၄၊ ၅)ရပ်ကွက်နှင့် မြင်းကပါကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)တို့က မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၇ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ညောင်ဦးမြို့နယ် ပုဂံဘူတာဝန်းအနီးတွင် နေထိုင်သော ဦးပိုက်ထွေး ပိုင်ဆိုင်သည့် အလျားပေ ၂၀၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး၊ ဦးနိုင်လင်း ပိုင်ဆိုင်သော အလျားပေ ၂၀၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၁)လုံး၊ ဆိုင်ကယ်အပျက်(၂)စီး၊ CZI  အမျိုးအစား ဆိုင်ကယ် အကောင်း(၁)စီး၊ အပ်ချုပ်စက်(၁)လုံး တို့ မီးလောင်ကျွမ်းခဲ့ပြီး အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)