ညောင်ဦးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ငွေစာရင်းစစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

ညောင်ဦး ၁၅ မတ်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ငွေစာရင်းဇယားများ ဖြည့်စွက်ရေသွင်းရာတွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း ငွေစာရင်းစစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းနည်းသင်တန်းအား မတ် ၁၅ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မြစိမ်းရောင်စီမံကိန်းငွေစာရင်းရေးသွင်းနည်းသင်တန်းအား မတ် ၁၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး မတ် ၁၈ ရက်နေ့အထိ သင်တန်းကာလ တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်လှစ်သင်ကြားရာတွင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန် ဦးဆောင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း  ဝန်ထမ်းများက မြို့နယ်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်သည့် လိုက်နာရန်စည်းကမ်းချက်များ အပါအဝင် ငွေစာရင်းများစစ်ဆေးခြင်း ၊ စာရင်းဇယားများ ဖြည့်စွက်ရေးသွင်းခြင်းနှင့် ထိန်းသိမ်းမှုနည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန် က ကျေးရွာများအလိုက် စီမံကိန်းကော်မတီဝင်များ ဆောင်ရွက်ထားရှိသည့် မြစိမ်း ရောင်စီမံကိန်း ငွေစာရင်းဇယား ဖြည့်သွင်းထားရှိမှုများအား မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းနှင့် တွဲဖက်ပြီး ကျေးရွာတွင်း သန့်ရှင်းသာယာလှပစေရန်အတွက် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မြစိမ်းရောင်စီမံကိန်း ငွေစာရင်းစစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းနည်းသင်တန်းသို့ ညောင်ဦးမြို့နယ် အတွင်းရှိ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ ၃၁ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်းကော်မတီဝင်များ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)