ညောင်ဦး ၂၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေကျပြီး မြေနုကျွန်းပေါ်ချိန် ဇော်မွှားကြက်သွန် စိုက်တောင်သူများ စတင်စိုက်ပျိုးနေကြြပီဖြစ်ကြောင်း မြေနုကျွန်း ဇော်မွှားကြက်သွန်(ခေါ်)ဥပြန်စိုက် ကြက်သွန်စိုက်ပျိုးခြင်းများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကြအိုကျေးရွာ မြေနုကျွန်းကြက်သွန်စိုက် တောင်သူ ဦးမင်းဆွေက ပြောကြားသည်။
ညောင်ဦးမြို့နယ် မြေနုကျွန်းစိုက်ပျိုးသည့် ဇော်မွှားကြက်သွန်စိုက်ပျိုးတောင်သူများသည် ကြက်သွန် များအား သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကြပြီး ကြက်သွန်ပေါ်ချိန်သည် ပြာသိုလတွင်ပေါ်ကြောင်း သိရသည်။ ကြက်သွန်စိုက်ပျိုးချိန် ဇော်မွှားကြက်သွန်တစ် ပိဿာ ၁၆၀၀ ကျပ်ပေးရပြီး အမျိုးသားတစ်ဦး လုပ်အားခ တစ်မနက် ၂၅၀၀ ကျပ်၊ ကြက်သွန်စိုက်သမတစ်ဦး တစ်မနက် ၁၅၀၀ ကျပ်၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ ၁၈၀၀၀ ကျပ် ပေးရကြောင်း သိရသည်။ ဇော်မွှားကြက်သွန် (ခေါ်) ဥပြန်စိုက်ကြက်သွန်များသည် ကြက်သွန်မျိုးစေ့အား ဘောင်ဖြင့် ပျိုးထောင်ကာ အခြားအခင်းသို့ ရွှေ့မစိုက်ဘဲ သုံးလခန့် ပျိုးဘောင်တွင်ထားကြောင်း၊ ပျိုးသက်တမ်းကုန်ချိန် ရရှိလာသည့် ဥသေးများကို ဇော်မွှားပျိုးခေါ် ဥပြန်စိုက်ကြက်သွန်ခေါ်ဆိုကြကြောင်း ကြအိုကျေးရွာ ကြက်သွန်စိုက် တောင်သူ ဦးစိုးဝင်းမှ ရှင်းပြသည်။
ကြက်သွန်ပေါ်ချိန်တွင် အနည်းဆုံးဈေး တစ်ပိဿာ ၅၀၀ ကျပ်ရောင်းချရပြီး ဈေးကောင်းတဲ့နှစ် ၃၀၀၀ ကျပ်ထိ ရောင်းချရကြောင်း မြေနုကျွန်းကြက်သွန်စိုက်တောင်သူ ဦးမင်းဆွေက ရှင်းပြ၍ သိရသည်။ ဇော်မွှားကြက်သွန်ခေါ် ဥပြန်စိုက်သွန်များသည် ဆောင်းကြက်သွန်လောက် တစ်နှစ်ပတ်လုံး အထားမခံဘဲ စိုက်ပျိုးစရိတ်နည်းနည်းနှင့် အမြတ်အစွန်းများကြပြီး ဆောင်းကြက်သွန်ခေါ် လေှာင်ကြက်သွန် ကုန်ချိန်ပေါ်သည့်အတွက် ဈေးနှုန်းလည်းရရှိကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း


